တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက်၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့်ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက်၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၂၆)မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့မှဧပြီလ (၈)ရက်နေ့အထိ စာသင်သားပေါင်း (၂၅၀၁၆)ဦးကို စာရင်းကောက်ယူ ရရှိထားပြီး စာသင်ဝိုင်းအနေဖြင့် (၁၇၇၁)ဝိုင်းအဖြစ် စုဖွဲ့၍ အဆိုပါ စာသင်ဝိုင်းများတွင် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်ပေါင်း (၁၉၈၈)ဦးတို့က (၁)ရက်လျှင် ပျမ်းမျှ (၃)နာရီ၊ နာရီပေါင်း (၁၈၀)၊ ရက်ပေါင်း (၆၀)ကြာ စာသင်သား ပြည်သူများအား သင်ကြားပို့ချနေသည်မှာ ရက်ပေါင်း (၆၀) ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်က ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ စာမတတ်သူများ သည် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိနေသည်ကို သန်းခေါင် စာရင်း ထုတ်ပြန်ချက်များတွင် အတိအကျ ထုတ်ပြန်ပေးထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စာမတတ်သူများကို နှစ်အလိုက် စာတတ်မြောက်ရေး လုပ်ငန်းသင်ကြားပေးခြင်းဖြင့် လျှော့ချနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ စာတတ်မြောက်ရေးလုပ်ငန်းများကိုတိုးချဲ့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ နောက်ဆက်တွဲလုပ်ငန်းအဖြစ် စာတတ်မြောက်ရေး သင်ကြားပြီးသူများ၊ ငယ်စဉ်က မူလတန်းပညာအဆင့်သာ ပြီးဆုံးခဲ့သူများနှင့် မူလတန်းပညာကို တစ်ပိုင်းတစ်စပြီးဆုံးခဲ့သူများအား အသက်အုပ်စုအနေဖြင့် (၁၅)နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးပိုင်း အရွယ်များကို ဦးတည် အုပ်စုအဖြစ် သတ်မှတ်၍ ယခုထက် ပိုမိုကောင်းမွန်စွာ ရပ်တည်နိုင်ရန်အတွက် စဉ်ဆက်ပညာရေး လုပ်ငန်းကို ဆက်လက် သင်ကြားပေးနေရခြင်းပင် ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနှင့် စာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက်ပညာရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေသည်မှာ အကြိမ်အားဖြင့် (၄)ကြိမ်မြောက် ကျင်းပဆောင်ရွက်နေခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း (၁)ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း (၁)ကြိမ်၊ ၎င်း၏နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေး လုပ်ငန်းသင်ကြားခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဇန်နဝါရီလအတွင်း (၁)ကြိမ်နှင့် ယခု မြို့နယ် (၂၆)မြို့နယ်၌ စဉ်ဆက်ပညာရေးလုပ်ငန်း သင်ကြားခြင်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လနှင့် ဧပြီလအတွင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် စာသင်သား စုစုပေါင်း(၂၉၉၇၇)ဦးကို သင်ကြားပေး နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အခြေခံ စာတတ်ပြီးစ သူများအတွက်အမှန်တကယ် လိုအပ်နေသည့် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရေး၊ ဝင်ငွေတိုးပွားရေးအတွက် အလုပ်အကိုင်နှင့် အခွင့်အလမ်းများ အခမဲ့ဖွင့်လှစ်သည့် ဌာန၊ ကျောင်း၊ အသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ ဘဝသာယာရေးအတွက် သိသင့် သိထိုက်သည်များအား အသိပညာပေးခြင်း အစရှိသည့် အစီအစဉ် (၃)ရပ်တို့ကို ထိထိ ရောက်ရောက် သင်ယူပြီးကြပြီးဖြစ်သည့်အတွက် မိမိတို့ရဲ့မိသားစု လက်တွေ့ဘဝနှင့် ချိတ်ဆက် ကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန်နှင့် ရရှိထားသည့် ဗဟုသုတတွေကိုလည်း မေ့မသွားအောင် ပြန်လည်လေ့ကျင့်ခြင်းများ ပြုလုပ်ဖို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး မြို့နယ် (၂၆)မြို့နယ် စဉ်ဆက်ပညာရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးကိုယ်စား တိုင်းဒေသကြီးပညာရေးမှူးအား ဧရာဝတီတိုင်းဒေသကြီး စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မှတ်တမ်းတင်ဂုဏ်ပြုလွှာအား ပေးအပ်ခဲ့သည်။

ထို့နောက် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက် ပညာရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(ကိုယ်စား) ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပံ့ပိုးကူညီဆောင်ရွက်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီးပညာရေးမှူးနှင့် စဉ်ဆက်ပညာရေး လုပ်ငန်းတွင်စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြုနည်းပြနှင့် ကြီးကြပ်ကိုယ်စားလှယ်(၂)ဦးအား မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုလက်မှတ်များ ဆက်လက်ပေးအပ်ခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း တွင် သင်ယူတတ်မြောက်ခဲ့ကြသည့် စာသင်သားများကိုယ်စား စာသင်သား(၂)ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စဉ်ဆက်ပညာရေးလုပ်ငန်း ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၂၆)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် မြို့နယ်အလိုက်နည်းပြ/ ကြီးကြပ်များ၊ စာသင်သားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စဉ်ဆက်ပညာရေးလုပ်ငန်း မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

30-Mar-2025