ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ် မတ်လ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းတွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က "လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အလဟသမဖြစ်စေဘဲ ဘဝရပ်တည်မှုအတွက် လိုအပ်သောပညာရပ်များကို ဖြည့်ဆည်းပေးနိုင် စေရန် ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားများအနေဖြင့် လျှပ်စစ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခွင့်ရသည့်အတွက် ကျောင်းစာများသင်ကြားရာတွင် ပိုမိုနားလည်သဘောပေါက်စေမှာဖြစ်ပါကြောင်း၊ လျှပ်စစ်သည် အိမ်တိုင်းနီးပါးတွင် အသုံးပြုနေသည့်အတွက် လျှပ်စစ်နှင့်ပတ်သက်၍ မိမိကိုယ်တိုင်လည်း အန္တရာယ်ကင်းအောင် သုံးစွဲတတ်စေရန်လိုသကဲ့သို့ မိမိတို့ မိသားစုနှင့် ပတ်ဝန်းကျင်ကိုလည်း အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရန် ပြန်လည်မျှဝေဆောင်ရွက်ကြစေလိုကြောင်း" အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့ထိ(၁၉)ရက်ကြာ သင်တန်းသား (၂၀)ဦးအား စာတွေ့၊ လက်တွေ့ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။