ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)သို့ သွားရောက်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၉)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုကဲ့သို့ အိမ်တွင်းမှုကျောင်း များ ဖွင့်လှစ်ပေးထားခြင်းဖြင့်နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသား၊ တိုင်းရင်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသက်မွေးဝမ်းကျောင်းပညာများဖြင့် လက်တွေ့နယ်ပယ်၌ အကျိုးရှိရှိအသုံးချ၍ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးလုပ်ငန်း များ လုပ်ကိုင်နိုင်မှာဖြစ်ပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိလာမှာ ဖြစ်ပါကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် တိုင်းရင်းသူ အမျိုးသမီးငယ်များ အိုးမကွာ အိမ်မကွာဖြင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရား စေတီပုထိုးများ၊ အပန်းဖြေကမ်းခြေများ၊ လည်ပတ်စရာနေရာများ များစွာရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ထွက်သွားလာရာ ဒေသတစ်ခုဖြစ်ပါေကြာင်း၊ ဟိုတယ်ဇုန်များ အတွက် အရည်အသွေးပြည့်မီသည့် ဝန်ထမ်းကောင်းများကို သင်တန်းကျောင်းက မွေးထုတ်ပေး နေခြင်းဖြစ်ပါကြောင်း၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို စာတွေ့(၁၂)ပတ်နှင့် ဟိုတယ်များတွင် လက်တွေ့(၁၂)ပတ် ပုံစံဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သည့်အပြင် အလုပ်အကိုင် များရရှိရေးအတွက်လည်း ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် ဘဏ္ဍာနှစ်အလိုက် အသက်မွေး ဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် အမှန်တကယ် အသက်မွေး ဝမ်းကျောင်းပြုနေသူ များစွာမွေးထုတ်ပေးပြီးဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားတတ်မြောက်ခဲ့သည့် အသက်မွေး ဝမ်းကျောင်း ပညာရပ်များအား လက်တွေ့ အသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) သင်တန်းထူးချွန်ဆု၊ ဧည့်ကြိုဝန်ဆောင်မှုသင်တန်း ထူးချွန်ဆု၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှုသင်တန်းထူးချွန်ဆု၊ အစားအစာနှင့် အဖျော် ယမကာဝန်ဆောင်မှုသင်တန်းထူချွန်ဆု ရရှိသူများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်း အောင်လက်မှတ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းကျောင်းဆိုင်ရာအချက်လက်များနှင့် သင်တန်းတစ်ပတ်စဉ် ဆောင်ရွက်ချက်များအား သင်တန်းကျောင်း ကျောင်းအုပ်ကရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းဆင်း သင်တန်းသူများ၏ အမျိုးသမီးအိမ်တွင်းမှုလက်ရာများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆင့်မြင့်အိမ်တွင်းမှု သင်တန်းသူများအား လက်မနည်း၊ စင်တီမီတာနည်းဖြင့် ခေတ်ပေါ် ပုံဆန်းအင်္ကျီဒီဇိုင်းများကို သင်ကြားပေးသည့်အပြင် လက်မှုဘာသာ၊ ဟင်းလျာချက်ပြုတ်နည်းနှင့် မုန့်လုပ်နည်းဘာသာရပ်များကိုလည်းရက်သတ္တပတ် ၁၈ ပတ်ကြာ သင်ကြားပေးခဲ့ပြီး စက်ရုံများတွင် အလုပ်လုပ်သည့်အခါ ကျွမ်းကျင်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ရည်ရွယ်၍ မော်တာစက်ချုပ်သင်ခန်းစာကိုလည်း ရက်သတ္တပတ် ၄ ပတ်ကြာ လေ့ကျင့်ပေးခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအနေဖြင့် ဧည့်ကြိုဝန်ဆောင်မှု(Front Office Service)၊ အိပ်ခန်းဆောင်ဝန်ဆောင်မှု (House Keeping Service)နှင့် အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှု (Food and Beverage Service)ဘာသာရပ် ၃ မျိုးကို ကျောင်းတွင်း စာတွေ့ ၁၂ ပတ်နှင့် ဟိုတယ်များတွင် လက်တွေ့ ၁၂ ပတ် ပုံစံဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)တွင် သင်တန်းသူ(၁၀)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၉)တွင် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။