ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်  ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က”ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁)ကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ(၅၀)ဦးအားလည်းကောင်း၊ သင်တန်း အမှတ်စဉ်(၂)ကို တိုင်းဒေသကြီးလွှတ်တော်ရုံးမှ အရာထမ်း၊ အမှုထမ်း(၄၃)ဦး နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်း (၁၅)ဦးအား လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၃)ကို တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း(၁၀၀)ဦးအားလည်းကောင်း ဥပဒေအသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ သင်တန်းများအသီးသီးဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ် ပါကြောင်း၊ ယခုသင်တန်း အမှတ်စဉ်(၄)ကို တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ သင်တန်း တက်ရောက်ရခြင်းမရှိသေးသည့် အရာထမ်း၊ အမှုထမ်းများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ပြည်သူများအား ဥပဒေအသိပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခု ဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် ပို့ချမည့် ဥပဒေဘာသာရပ်များကို လေ့လာမှတ်သားပြီး မိမိတို့ ဌာနအတွင်းရှိ သင်တန်းတက်ရောက်ရခြင်း မရှိသေးသော အရာထမ်း၊ အမှုထမ်းများအား ဆင့်ပွားပို့ချပေးရန် လိုအပ်ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဥပဒေ အရာရှိက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Vedio Clip အားကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၄) ကို ၂၈-၃-၂၀၂၅ ရက်နေ့မှ ၃၁-၃-၂၀၂၅ ရက်နေ့အထိ တစ်ရက်လျှင် (၄) နာရီဖြင့် (၄) ရက်ကြာ သင်ကြားပေး မည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ စုစုပေါင်း သင်တန်းသား (၅၁) ဦးအား နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့်ဥပဒေ(၁၇)ခုနှင့် စီးပွားရေးစာချုပ်စာတမ်းအကြောင်း အသိပညာတို့နှင့်စပ်လျဉ်း၍ ဥပဒေ အရာရှိ(၁၂)ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်သည်။

28-Mar-2025