ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကုန်သည်လမ်းကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် မတ်လ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက် ကုန်သည်လမ်းနာရီစင်မှ အောင်ရတနာလမ်းအထိ ကတ္တရာကွန်ကရစ်(AC)လမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က " တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးအတွက် မြို့အတွင်းရှိလမ်းများအား ကတ္တရာကွန်ကရစ်လမ်းများအဖြစ် နှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အများပြည်သူများ ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လွယ်ကူစွာ သွားလာအသုံးပြုနိုင်စေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  အိမ်လမ်း ရွာကျောင်းသန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်းခြင်းဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလမ်းစိုပြေရေးအတွက် ပြည်သူလူထုမှဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိမြို့များမှ စံပြုဆောင်ရွက်ရမည့် စံပြမြို့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြို့သူ၊ မြို့သားများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကတ္တရာ ကွန်ကရစ်(AC)လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများထံသို့ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကတ္တရာကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ ကတ္တရာကွန်ကရစ်လမ်း(AC)လမ်းသစ်သည် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကုန်သည်လမ်း နာရီစင်မှ ရွှေစေတီလမ်းအထိ အရှည် (၁၂၉၀)ပေ၊ အကျယ် (၄၇)ပေ၊ ထု(၃)လက်မနှင့် ရွှေစေတီလမ်းမှ အောင်ရတနာလမ်းထိပ်အထိ  အရှည်(၁၂၆၃)ပေ၊ အကျယ် (၃၄)ပေ၊ ထု(၃)လက်မရှိသော ကတ္တရာကွန်ကရစ်လမ်းသစ်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ အဆင့်မြှင့် တည်ဆောက်ပေးခဲ့ပြီး လမ်းအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် ဆိုင်ခန်းရှင်များ၊ မြို့မဈေးနှင့် ရွှေပြည်သာဈေးတို့မှ ဈေးသူ၊ ဈေးသားများ၊ လမ်းနေ ပြည်သူများမှ ပလက်ဖောင်းနှင့် ရေမြောင်း(၂၄၂၄)ပေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

27-Mar-2025