ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၂၇

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ပြည်တော်အေး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ် အိမ်ရာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအိမ်ရာဝန်းအတွင်း ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ်ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများထံသို့ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အကအဖွဲ့များအား ဆုများချီးမြှင့်ပေးအပ်၍ ပြည်တော်အေးနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ (၄)ခန်းတွဲ၊ (၄)ထပ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်တော်အေး နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၁၀)လုံး အိမ်ခန်းပေါင်း(၁၆၀) ခန်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ပုသိမ်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နေထိုင်ရေးလိုအပ်ချက် အခက်အခဲများကို ဖြည့်ဆည်းပေးလျက်ရှိရာ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

27-Mar-2025