ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်ဖွင့်လှစ်သည့် ငရုတ်ကောင်းမြို့၊ ချောင်းဝတံတားဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၂၆
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး-ဂေါ်ရန်ဂျီလမ်းပေါ်ရှိ ချောင်းဝတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုဖွင့်လှစ်သည့် ချောင်းဝတံတားကို ဒေသခံပြည်သူများသွားလာရေး အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် နှစ်အလိုက်ခွဲဝေတည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ချောင်းဝတံတားဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် ဒေသခံ ပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများအပြင် ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ များစွာအကျိုးပြုမည်ဖြစ်ကြောင်း၊ ဒေသထွက် ကုန်ပစ္စည်းများ အလွယ်တကူ စျေးကွက်သို့တင်ပို့ရောင်းချနိုင်ပြီး လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့်လမ်းပိုင်းများကိုလည်း ဒေသခံပြည်သူများ အဆင်ပြေစေရေး အတွက် နှစ်အလိုက်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သွားလာမှုလွယ်ကူ ချောမွေ့ပြီး လုံခြုံစိတ်ချစွာသွားလာနိုင်ပြီဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်ကြရန်လိုအပ်ကြောင်း၊ လမ်းတံတားများတည်ဆောက်ပြီးဖြစ်၍ မြို့ကြီး များနှင့် အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများကလည်း ချောင်းဝတံတားအပါအဝင်လမ်းတံတားများအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရန်လိုအပ်ကြောင်း”အမှာစကားပြောကြားခဲ့ပြီးနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်ဦးဋ္ဌေးအောင်က ချောင်းဝတံတား တည်ဆောက်ခဲ့မှု အခြေအနေများရှင်းလင်းေပြာကြားခဲ့ပြီးဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ချောင်းဝတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာတာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဝတံတား ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ငရုတ်ကောင်း-ချောင်းဝ-နံ့သာပု-ဂျိုင်လေး--ဂေါ်ရီဂျီကျွန်း လမ်းပေါ်ရှိ ချောင်းဝတံတားသည် တံတားအရှည် ၁၂၈၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈.၇၄၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂.၂ မီတာ၊ (Bored Pile RC Concrete) အမျိုးအစားဖြစ်ပြီး ၁.၃.၂၀၂၀ခုနှစ်မှ ၃၁.၃.၂၀၂၅ ခုနှစ်အထိ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငရုတ်ကောင်းမြို့၊ ကမ်းခြေဒေသရှိ ကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ၊ခရီးသွားလာရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုများအတွက် များစွာအကျိုးပြု မည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကမ်းခြေသို့သွားရောက်၍ ကမ်းခြေသာယာလှပမှု၊ ကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများနှင့် ကမ်းခြေသန့်ရှင်းသပ်ရပ်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာအပန်းဖြေစေရေးနှင့် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ ကမ်းခြေသာယာလှပရေးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။