ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဓာတုဝိဇ္ဇာ ပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်းတည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် တတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်         မတ်         ၂၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုင်အတွင်းရှိ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်အတွင်းတည်ဆောက်လျက်ရှိသည့် သုံးထပ်ဆွမ်းစားကျောင်းဆောင်အတွက် တတိယအကြိမ်အလှူပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူသောပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။  

ဆက်လက်၍ သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ်အတွက် အလှူငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီးကလည်းကောင်း၊  စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက လှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)ဘဒ္ဒန္တသောဘိတ  အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သုံးထပ်ဆွမ်းစားကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။

25-Mar-2025