တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် တတိယအကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၂၀၂၅ခုနှစ်(၁၃၈၆)ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပုသိမ် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တတိယအကြိမ်စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယခုလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ တတိယ အကြိမ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားသည် ဌာနဆိုင်ရာများအပါအဝင် မြို့ပေါ်ရှိရပ်ကွက်(၁၅)ခုမှ ပြည်သူများပူးပေါင်းပါဝင်သည့် အခမ်းအနား အဖြစ် ဖော်ဆောင်ခြင်းလည်းဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များမှ ပြည်သူများ ပါဝင်သည့်အတွက် ရဟန်းလောင်း၊ သာမဏေလောင်းများသည်လည်း ပိုမိုများပြားလာစေမည် ဖြစ်ပါကြောင်း၊ ကော်မတီများကလည်း မိမိတို့ကော်မတီများအလိုက် ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက်အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးပေးကြရန်လိုပါကြောင်း၊ ရဟန်းလောင်းနှင့် သာမဏေလောင်းများ မြို့တွင်းလှည့်လည်ရာတွင် အဆင်ပြေချောမွေ့စွာဖြင့် လှည့်လည်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရဟန်းနှင့် သာမဏေများ ကျောင်းများ အလိုက် စိတ်အေးချမ်းသာစွာသီတင်းသုံးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းမှုကောင်းကောင်းဖြင့် ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ ရဟန်းလောင်းနှင့် သာမဏေများစာရင်းကိုလည်း ဌာနများအလိုက် ရပ်ကွက်များအလိုက် ကြိုတင်စာရင်းပြုစုတင်ပြရန်နှင့် ယခင်နှစ်က ကျင်းပခဲ့သည့်အားသာချက်၊ အားနည်းချက်များ ကိုလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေး၊ ရဟန်းခံရှင်ပြု အလှူတော် လှည့်လည်ရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့်ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ လှူဖွယ်ပစ္စည်းများစီစဉ်ရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီနှင့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီတို့က ကော်မတီများအလိုက် ဆောင်ရွက်ကြမည့် ကဏ္ဍတစ်ခုချင်းစီအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တတိယအကြိမ်စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၅ခုနှစ်(၁၃၈၆) ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီများနှင့် လုပ်ငန်း ကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါကြောင်း၊ ယခုနှစ်တွင် ပိုမိုထူးခြားလေးနက်သည်မှာ မြန်မာနိုင်ငံအနေဖြင့် မဟာသင်္ကြန် ပွဲတော်သည် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မှတ်တမ်းဝင်ခဲ့ခြင်းကြောင့် ယခင်နှစ်များထက်ပိုမိုစည်ကားစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များနည်းတူ လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပမည် ဖြစ်၍ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲသူများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုပါကြောင်း၊ မဟာ သင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များကို တိုင်းဒေသကြီးအခြေစိုက်ရာ ပုသိမ်မြို့တွင် သာမက အခြားခရိုင်၊ မြို့နယ်များတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားကြရန် လိုပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလလများအတွင်း ကပြဖျော်ဖြေမှုများသည်လည်း မြန်မာ့ ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဖြစ်ရန်လိုပါကြောင်း၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကိုမှတ်တမ်းဝင် စာရင်းတင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများကိုကျင်းပခဲ့ပြီး သင်္ကြန်မဏ္ဍပ်များတွင် သနပ်ခါးလိမ်းသည့်အလေ့အထ များရှိခဲ့သဖြင့် ယခုအခါတွင် ပြန်လည်ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာ မဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များအား လှပတင့်တယ်သောဒီဇိုင်းများဖြင့် စနစ်တကျနေရာချထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေကောင်းရေသန့်များရရှိအောင် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပြည်သူအားလုံး ပါဝင် ဆင်နွှဲနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး အဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး အစီအမံများ ချမှတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဟာင်္ကြန်ပွဲတော်အား ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်၊ အားလုံးပူးပေါင်းပါဝင်ပြီး ပျော်ရွှင်စွာဆင်နွဲသည့်သင်္ကြန်ဖြစ်စေရန်နှင့် မှတ်တမ်းတင် ကျန်ရှိစေရေးအတွက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း” အဖွင့်အမှာစကားများ ပြောကြားသည်။
ထို့နောက် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊ လမ်းလျှောက်သင်္ကြန် ကျင်းပရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ကျန်းမာရေး လုပ်ငန်းကော်မတီ၊ ဗဟိုမဏ္ဍပ်နေ့စဉ်ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊ ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်း တင်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆယ်တင်ပစ္စည်းများစိစစ်၍ ပြန်လည် ရောင်းချရေးကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့်အစီအမံများနှင့် အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ၂၀၂၅ခုနှစ်( ၁၃၈၆)ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။