ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ကမ္ဘာနှင့်အဝန်း အမျိုးအစားစုံလင်သည့် သစ်တောဂေဟစနစ်များ၏အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forests” အဖြစ် ၂၀၁၂ ခုနှစ်ကစတင် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်အရေးပါသည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နှိုးဆော်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနား ကို နှစ်စဉ်လှုံ့ဆော်ရေး ဆောင်ပုဒ်များသတ်မှတ်ပြီးကျင်းပခဲ့ရာ ယခုနှစ်ဆောင်ပုဒ်မှာ “သစ်တော များနှင့် စားရေရိက္ခာများ” “Forests and Foods” ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် အပင်နှင့်တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် ကောင်းမွန်တည်မြဲသည့် ဂေဟစနစ်များသည် အခြေခံအုတ်မြစ်များဖြစ်ပါကြာင်း၊ စားရေရိက္ခာများရရှိမှုနှင့် ထုတ်လုပ်သည့် နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင်အခြေအနေများနှင့်နက်နက်ရှိုင်းရှိုင်း ဆက်စပ်လျက်ရှိပါကြောင်း၊ ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်ရေးများ အောင်မြင်ဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် သစ်တောဖုန်းလွှမ်းမှုအများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ခုနှစ်သစ်တောဖုံးလွှမ်းမှုအစီရင်ခံစာအရ တိုင်းဒေသကြီး ဧရိယာ၏ ၈.၂၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု ပဏာမအစီရင်ခံစာအရ ဒီရေတောများ၏ သစ်တောဖုံးလွှမ်းမှု ဧက ၁၈,၀၀၀ ကျော် တိုးတက်လာပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံ့သစ်တောများကနေ အစားအစာ၊ ဆေးဝါး၊ ရေ၊ လောင်စာ၊ သစ်တောထွက်ပစ္စည်း ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မှီတည်ပြီး အသက်မွေးဝမ်းကြောင်းမှု ပြုလျက်ရှိပါကြောင်း၊ ယနေ့ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို နိုင်ငံသူ၊ နိုင်ငံသားများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း၊ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တော စီမံအုပ်ချုပ်ရေးလုပ်ငန်းများ၊ နိုင်ငံပိုင်သစ်တောစိုက်ခင်းများရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချရေးနဲ့ ပြန်လည် မျှတလာစေရေးစသည့် လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စိတ်အား ထက်သန်စွာ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် သစ်တောသစ်ပင်များနှင့် လူသားတို့၏ ကျန်းမာရေးခေါင်းစဉ်ဖြင့် တိုင်းဒေသ ကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တင်ပြဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။