ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

ပုသိမ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများသည် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များက စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ နှစ်(၈၀)ပြည့် တပ်မတော် နေ့အထိမ်းအမှတ် သွေးလှူဒါန်းရာတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း(၉၀)ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်းသိရသည်။