ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ ဝင်များ၊ ကုမ္မဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှုများအား ကော်မတီဝင်များက လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမည့်ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်အကောင်အထည်ဖော်လာသည်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပေးကြရန်” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် စပါးခွံမှလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွဲနုဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ်ဖြင့် အဝတ်အထည်များ ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နေစွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် သတ္တုအရည်ကြိုစက်ရုံတည်ဆောက်၍ အလူမီနီယံနှင့် Stainless Steel သတ္တုတုံးများထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ထောက်ပံ့ပို့ဆောင်ခြင်းဝန်ဆောင်မှုလုပ်ငန်း၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် စက်ရုံ တည်ဆောက်ခြင်းနှင့်ငှားရမ်းခြင်းလုပ်ငန်းတို့မှ ကုမ္ပဏီအလိုက်ဆောင်ရွက်ရွက်မည့် လုပ်ငန်းများ၊ လူမှုရေးအကျိုးပြု လုပ်ငန်းဆောင်ရွက်မှု၊ မီးဘေးကာကွယ်ရေးအစီအမံများ၊ ပြည်တွင်းပြည်ပဝန်ထမ်းခန့်ထားမှုစာရင်း၊ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းဆောင်ရွက်မည့် တည်နေရာ၊ ရေဆိုးစွန့်ပစ်မည့်အစီအစဉ်နှင့်အတည်ပြုလျှောက်ထားလွှာတင်ပြခြင်း ကိစ္စရပ်များအား ရှင်းလင်း တင်ပြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20-Mar-2025