ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုကလေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၂၀
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွင်းတွင် ပြုလုပ်လုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့၊ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပြီး အဝေးပြေးယာဉ်ရပ်နား စခန်းအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး၊ ခရီးသည်များ အန္တရယ်ကင်းရှင်းစွာ လိုက်ပါစီးနင်းနိုင်ေရးနှင့် ယာဉ်/လမ်းစည်းကမ်းများ လိုက်နာရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က“ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယနေ့တွင်ဖွင့်လှစ် နိုင်ခဲ့သဖြင့် ခရီးသွား လာမှုများနှင့် ကုန်စည်စီးဆင်းမှုကို များစွာအထောက်ကူ ပြုမည်ဖြစ်ပါကြောင်း၊ ယခင်က ရေလမ်းခရီးကိုသာ အဓိကထားအသုံးပြုခဲ့ရာမှ ယနေ့ကာလတွင် ကားလမ်းများကို တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်းတွင် စနစ်တကျစီးနင်းအသုံးပြုနိုင်မည် ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုကိုလည်း ပိုမိုမြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခု၏အင်္ဂါရပ်နှင့် ပြည့်စုံစေရေး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ပြီးဆုံးသည်အထိ အလျင်အမြန်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ အဝေးပြေးယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တာဝန်ရှိသူများက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့သည်။