ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ" မဟာမင်္ဂလာအခမ်းအနား တက်ရောက်

ပုသိမ် မတ်လ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ" မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် အကြည်ညိုခံ ဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော် မာရဝိဇယ ရုပ်ပွားတော်မြတ် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပူဇော်မှုကို ခံယူရရှိတော်မူကြသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ" မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ပုသိမ်မြို့ နိဂြောဓါရုံညောင်ပင်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ် ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ပုသိမ်မြို့၊ ပစ္ဆိမာရုံစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒ အရှင်သူမြတ်က သမ္မောဒနိယ ဩဝါဒကထာ မြွက်ကြားချီးမြှင့်တော် မူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ဆက်လက်ရွတ်ပွား ချီးမြှင့်တော်မူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၅)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်ပူဇော်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အကြည်ညိုခံ ညောင်ပင်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဿုတအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပစ္ဆိမာရုံ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမိန္ဒ အရှင်သူမြတ်နှင့် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကောဝိဒတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီးက အကြည်ညိုခံ စန္ဒာရုံဆရာတော်ကြီးအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီးက အကြည်ညိုခံအောင်မြေဘုံသာကျောင်းဆရာတော်ကြီးအားလည်းကောင်း၊ တရားသူကြီးချုပ်မှ အကြည်ညိုခံ ရွှေမစိုးရိမ်ကျောင်းဆရာတော်ကြီးနှင့် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရဆရာတော်အရှင်သူမြတ်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူအသီးသီးက အကြည်ညိုခံဆရာတော်ကြီးများနှင့် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဇယ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းကာ အကြည်ညိုခံဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြသည်။