ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နွေရာသီအခြေခံ အားကစားသင်တန်းများဖွင့်လှစ်မှုကြည့်ရှုအားပေး၊ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပုသိမ် မတ်လ ၁၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းများတွင် ကျောင်းသားကျောင်းသူများ တက်ရောက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် ဖွင့်လှစ်လျက်ရှိသော ကရာတေးသင်တန်း၊ ဘော်လီဘောသင်တန်း၊ ဟောက်ကီသင်တန်းများတွင် ကျောင်းသားလူငယ်များအား လေ့ကျင့်သင်ကြားပေးနေမှုများ၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင် ဘောလုံးအားကစား လေ့ကျင့်သင်ကြားနေမှုများ၊ ကန်သုံးဆင့်ရေကန်တွင် လှော်လှော်အားကစား သင်တန်းပေးနေမှုနှင့် လေ့ကျင့်နေမှုများ၊ Smart Goal ကြက်တောင်ကွင်းတွင် ကြက်တောင်ရိုက်အားကစား လေ့ကျင့်သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသားလူငယ်များ နွေရာသီအားလပ်ချိန်တွင် အားကစားလေ့ကျင့်ခန်းများ လေ့ကျင့်ကစားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းသလို တိုင်းဒေသကြီးနှင့်နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်သော လူငယ်များဖြစ်လာစေရန် ရည်မှန်းချက်ထား လေ့ကျင့်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အားကစားသိပ္ပံ ကျောင်းကို တည်ဆောက်လျက်ရှိရာ အားကစားဝါသနာပါပြီး ထူးချွန်လိုသူ ကျောင်းသားကျောင်းသူများအနေဖြင့် တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ အားကစားနည်းများစွာရှိသည့်အနက် မိမိဝါသနာ ပါရာကို ထူးချွှန်အောင် လေ့ကျင့်ပျိုးထောင်ရန်၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိသူငယ်ချင်းများကိုလည်း အားကစားနည်းများတွင် ပါဝင်သင်ကြားလာစေရေး စည်းရုံးဖိတ်ခေါ်ရန်မှာကြားခဲ့ပြီး သင်တန်းသား ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ချီးမြှင့်ခဲ့သည်။ နွေရာသီအားလပ်ရက်များတွင် ကျောင်းသားလူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်ပြီး မိမိတို့ဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကဦးစီး၍ မတ်လ ၃ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ ဟော်ကီ၊ စက်ဘီး၊ စစ်တုရင်၊ ဖူဆယ်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း (၂၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်(၁၀၅/၅-၁၀၈/၄) အတွင်း (၄၈)ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား (၂၂၀)ပေ၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း၊ တံတားလက်ရန်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား (၈၈ပေ)၊ မူလ(၂)လမ်းသွားမှ (၄)လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာကာအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ ပဋိပတ္တိကျောင်းတိုက်ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် ဆွမ်းစားကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။