ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ်       မတ်          ၁၃

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ပုသိမ်မြို့ နိဂြောဓါရုံညောင်ပင်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ချီးမြှင့်အလှူခံရရှိတော်မူသော ဟင်္သါတမြို့အတွင်းပတ္တမြားကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေလာသ အရှင်သူမြတ်က သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး  ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ဆက်လက်ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ဆက်လက်၍  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂၁)ပါး၊ ၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၂ )ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆက်ကပ်ပူဇော်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကြည်ညိုခံ ညောင်ပင်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိဿုတအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ကေလာသ(ဟင်္သါတ)နှင့် မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တ ပညာစက္က(အိမ်မဲ)တို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးမှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မသာမိ(ပုသိမ်)၊ ဘဒ္ဒန္တအာဒိစ္စဝံသ(ပန်းတနော်)တို့အားလည်းကောင်း၊ တရားသူကြီးချုပ်မှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူအသီးသီးက မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစက ပဏ္ဍိတ၊ သဒ္ဓမ္မ ဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်အရှင်သူမြတ်များနှင့် ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၂ )ပါးတို့အား ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက  ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအားဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့  ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)   ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ စေတနာရှင်အလှူရှင်များက မြတ်စွာဘုရားအမှူးထား၍ ပင့်သံဃာဆရာတော်(၁၀)ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂၁)ပါး၊ သီလှရှင်ဆရာကြီး(၂)ပါး၊ အထူးအောင်သံဃာ(၂)ပါး၊ စုစုပေါင်း ၃၇ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြသည်။

13-Mar-2025