ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့ မုဌောကိုးဆူသမိုင်းဝင် မဟာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ်       မတ်          ၁၃

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပုသိမ်မြို့ မုဌောကိုးဆူသမိုင်းဝင် မဟာစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သော ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက်ရာ “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော် နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော တာဝန်ရှိသူများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်အခမ်းအနားအား ဆက်လက်ကျင်းပရာ ရတနာသုံးပါး ဂုဏ်တော်ပွား၍ မင်္ဂလာအချိန်ကို စောင့်ဆိုင်းကာ မင်္ဂလာအချိန်‌ေရာက်ရှိသည့်အခါတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ မင်္ဂလာရထားပျံဖြင့် ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားမှူးဦးဆောင်၍ ပရိတ်သတ်အားလုံးတို့က “ဇိတံမေ အောင်ပြီ အောင်ပြီ အောင်ပြီ" ဟု သုံးကြိမ် ရွတ်ဆိုကြွေးကြော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေစင် ရေသန့် သွန်းလောင်းသန့်စင်၍ အမွှေး နံ့သာရည် ဖျန်းပက်ပူဇော်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အတွင်း ပန်းလည်တိုင်၌ သာသနာ့အောင်လံတော် လွှင့်တင်ပူဇော်ခဲ့ပြီး ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းခဲ့သည်။

ဆက်လက်၍ အခမ်းအနား တတိယပိုင်းအစီအစဉ်အရ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူ၍ ဘုရားကြီးကုန်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ အလှူရှင်များက လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် အကြည်ညိုခံဆရာတော်ကြီးများ၊ ဘွဲ့ခံဆရာ‌တော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

13-Mar-2025