ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတက်ရောက်လောင်းလှူ

ပုသိမ်       မတ်          ၁၃

သာသနာတော်နှစ်၂၅၆၈ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊‌ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်‌တော်များလောင်းလှူခဲ့ကြသည်။

ဦးစွာ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဒီပါရုမ်စေတီတော် ဂေါပကမှ လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ‌ဗောဓိကုဏ္ဍလထံမှ (၈)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေကြည်မြို့၊ မင်္ဂလာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒြာဝံသ ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းလောင်း ဆုတောင်းအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် ဘုရားအမှူးပြုသော ရေကြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၈၆)ကျောင်းမှ သံဃာတော် (၅၁၁)ပါးနှင့် သီလရှင်ကျောင်း(၁၂)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၆၄)ပါး စုစုပေါင်း (၅၇၅)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။

13-Mar-2025