တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

ပုသိမ် မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသုံးသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များ အကြောင်းကို ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကိုအထိမ်းအမှတ်ပြုသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ဖြစ်ပါကြောင်း၊ နှစ်စဉ်မတ်လ (၁၅) ရက်နေ့ရောက်တိုင်း စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုကာ အလေးထားမြှင့်တင်သည့်အနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားအား အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International) မှ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲ ပြဌာန်းခြင်းများကို ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ် မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day)ကို ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်၂၀၂၅ တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအတွက် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ Consumer International (CI) မှချမှတ်ထားသော ဆောင်ပုဒ်မှာ( A Just Transition to Sustainable lifestyles ) ဖြစ်ပြီး “လူနေမှုဘဝအစဉ် တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူ၍ ဖြစ်ပါကြောင်း၊ စားသုံးသူတိုင်းသည် ကောင်းမွန်ရှင်သန်သော ပတ်ဝန်းကျင်ကို ရရှိခံစားပိုင်ခွင့်အပြည့်အဝရှိပါကြောင်း၊ လူသား တိုင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော ကောင်းမွန်ရှင်သန်သောပတ်ဝန်းကျင် ကောင်းအား ရရှိခံစားနိုင်ရန်အတွက် စီးပွားရေး လုပ်ငန်းရှင်၊ စားသုံးသူနှင့် အစိုးရတို့ပါမကျန် ပူးပေါင်း၍ လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲရေးတို့ကို အတူတကွရှိလာအောင် မျှတသောကူးပြောင်းမှုများ စတင်ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်းကို “ လူနေမှုဘဝအစဉ်တည်တံ့ဖို့မျှတအသွင်ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်ဖြင့် အသိပေးပြောကြားလိုပါကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူများနေ့အား ဂုဏ်ပြု ကြိုဆိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့(WCRD) အထိမ်းအမှတ်အဖြစ်ပြသသည့် ဗီဒီယိုအား ကြည့်ရှုအားပေး ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးက စားသုံးသူရေးရာ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ ကြွရောက်လာသူဧည့်ပရိတ်သတ်များအား “စားသုံးသူ တိုင်ကြားမှုအတွက် သရုပ်ပြစေ့စပ်ညှိနှိုင်းမှု (Mock Mediation)" ဖြင့် သရုပ်ဖော်ပြသခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ ပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို ပြုလုပ်ရာ ဧည့်ပရိသတ်များအား တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ဧရာဝတီ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ARCCI အတွင်းရေးမှူးက “သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပြတ်တည်ရှိနိုင်ရေး”ခေါင်းစဉ်ဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဉာဏ်စမ်းမေးခွန်းများမေးခဲ့ကြပြီး ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စုရှိ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် ဆောင်ရွက်သော နွေစပါးဧက(၅၀၀) ကွင်းပိတ်ပွဲတွင် တောင်သူဦးမင်းမင်းထိုက်၏ စိုက်ဧက(၂)ဧက၌ ကောက်စိုက် သမများဖြင့် ရက်(၉၀)မျိုးစပါးအား ကောက်စိုက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိပြီဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်စေရေး၊ သီးထပ်စွမ်းအားများတိုးတက် စိုက်ပျိုး နိုင်စေရေးမှာကြားခဲ့ပြီး ကောက်စိုက်သမများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာရှိ တောင်သူဦးကျော်ရှိန်၏ စိုက်ဧက(၄)ဧကတွင် ပီလောပီနံစံကွက်ရိတ်သိမ်းပွဲတက်ရောက် အားပေးခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး ပီလောပီနံစိုက်ပျိုးမှု၊ တူးဖော်မှု၊ ဈေးကွက်ရရှိမှု အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး အထွက်နှုန်းကောင်းမွန်သည့် ပီလောပီနံမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နည်းစနစ်တကျစိုက်ပျိုးစေရေးနှင့် အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။ အဆိုပါ ကိုင်းရှုတ် ပီလောပီနံ မျိုးအား (၀.၁၀) ဧကစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင်ပျမ်းမျှ အထွက်နှုန်း (၆၆၄၀)တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မန်းစိုးသိန်း၏ ပီလောပီနံကြိတ်ခွဲစက်သို့သွားရောက်၍ ပီလောပီနံ ကြိတ်ခွဲထုတ်လုပ်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ပီလောပီနံကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုအခြေအနေများနှင့် ကြိတ်ခွဲရာမှထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်နေမှုများ၊ သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေများရှင်းလင်းတင်ပြခဲ့ရာ အရည်အသွေးကောင်းမွန်သည့် ကော်မှုန့်များထုတ်လုပ်နိုင်ရေး၊ ေဘးထွက်ပစ္စည်းများအားအကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ရေး၊ သဘာဝမြေဩဇာများပိုမို ထုတ်လုပ် နိုင်ရေးနှင့်အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။