တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအာစကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ၊ အသိပညာဗဟုသုတများ ၊ ကိုယ်လက် လှုပ်ရှားအားကစားများဆောင်ရွက်နိုင်စေရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များ ဖြစ်စေရေး နွေရာသီအခြေခံအားကစားသင်တန်း များကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်ထားသည့် မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်းများ၊ အားကစားရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ထူးချွန်သည့်အားကစားသမား ကောင်းများပေါ်ထွက်လာစေရေးအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကဦးစီးပြီး အားကစားနည်း(၂၀)မျိုးဖြင့် သင်တန်းများအား ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းများကို ပြီးမြောက်အောင်မြင်စွာ အထူးကြိုးစား တက်ရောက်ကြရန်တိုက်တွန်းမှာကြားလိုပါကြောင်း၊ ထို့အပြင် မိမိတို့တိုင်းဒေသကြီးက နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အတုယူအားကျပြီး မြို့နယ်/ခရိုင်/တိုင်းဒေသကြီးမှသည် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ တက်လှမ်းနိုင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်” တိုက်တွန်းမှာကြားပြီး ၂၀၂၅ ခုနှစ် ၊ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့်နွေရာသီအခြေခံအားကစား သင်တန်းများအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အ.ထ.က(၆) ဘင်ခရာအဖွဲ့၊ ကရာတေးဒိုအားကစားအဖွဲ့၊ အေရိုးဗစ်အဖွဲ့၊ မြန်မာ့သိုင်း(လက်သိုင်း)၊ ဝူရှူးအားကစားနည်းအဖွဲ့များ၏ သရုပ်ပြမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သရုပ်ပြအဖွဲ့များကို ဂုဏ်ပြူချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ဦးစီးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယခုလ၃ရက်နေ့မှ ဧပြီလ၃ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ ဝူရှူး၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ ဟော်ကီ၊ စက်ဘီး၊ စစ်တုရင်၊ ဖူဆယ်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း၂၀မျိူးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။