ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးအား သွားရောက်ဘုရားဖူးမည့် ပြည်သူများအား သွားရောက်အားပေး

ပုသိမ် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့အထိ(တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပလျက်ရှိရာ ယမန်နေ့ညပိုင်းတွင် ပုသိမ်မြို့မှ ရေယာဉ်ခရီးစဥ်ဖြင့် သွားရောက်ဘုရားဖူးမြော်ကြည်ညိုကြမည့် ဘုရားဖူးပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူး မြော်ကြည်ညိုသဒ္ဒါပွားများနိုင်ရေးအတွက် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အား တိုးချဲ့တည်ဆောက်ပေးခဲ့ပါကြောင်း၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီးပါကလည်း ငွေတောင်ရေချိုးဆိပ်နှင့် ကျောက်ကလပ်ဒေသများသို့လည်း သွားလာလည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်းနှင့် ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ကြပါစေကြောင်း” အားပေးပြောကြားခဲ့သည်။ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့အထိ(တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပလျက်ရှိရာ ဘုရားဖူးပြည်သူများ သွာလာလွယ်ကူအဆင်ပြေစေရေးအတွက် ပုသိမ်မြို့မှ ရေလမ်းခရီး ရှပ်ပြေးရေယာဉ်များဖြင့် သွားရောက်ဖူးမြော်ကြည်ညိုနိုင်သကဲ့သို့ ကုန်းလမ်းခရီးမှလည်း မော်တော်ယာဉ်များဖြင့် သွားလာဖူးမြော်ကြည်ညိုနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပြီး ဘုရားပွဲတွင် ပွဲလမ်းသဘင်များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။