ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၉၆)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ််မြို့နယ်၊ ကျုံမငေးမြို့၌ (၉၆)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဟာစွယ်တော်မြတ်ကိန်းဝပ်တော်မူရာ ဂန္ဓကုဋိတိုက်တော်၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီးနောက် မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဩဝါဒါစရိယ မြို့နယ်တိုင်းဝိနည်းဓိုရ် သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တအရှင်ပညာဇောတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာကြားခဲ့ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ရွတ်ဆိုခြင်း၊ သိကြား ဗြဟ္မာ၊ နတ်ဒေဝါများအား ပင့်ဆောင်ရွတ်ဆိုခြင်းနှင့် သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား ဂန္ဓကုဋိတိုက်တော်မှ ယာယီရွှေကျောင်းတော်သို့ ကြွချီကိန်းဝပ် အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြသည်။
ထို့နောက် (၉၆)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား မြတ်စွယ်တော် ဩဝါဒါစရိယ နာယကဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်အရှင်မြတ်နှင့် ဇမ္ဗူပတိ ရုပ်ပွားတော် အရှင်သူမြတ်တို့အား မြတ်စွယ်တော် ဂေါပကအဖွဲ့မှ ပင့်ဆောင်ခဲ့ကြပြီးအတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ကိန်းဝပ်အပူဇော်ခံရန်အတွက် ဘုရားပင့်ရွတ်ဆို ပူဇော်ခဲ့ကြပြီး အတုလဗုဒ္ဓ မဟာစွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်တော်မှ ရွှေကျောင်းတော်သို့ ဩဝါဒါစရိယဆရာတော်၊ နာယကဆရာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ယာရစ်(၇)ပတ်ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံမငေးမြို့+ရန်ကုန် စက်ရုံဓမ္မရိပ်သာ မဟာနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တသုမန မဟာထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်ရုံဓမ္မရိပ်သာကျောင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ “ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခြင်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်နှင့် ဘာသာရပ်တိုင်းအား မိမိတို့နားလည်သ၍ ဖြေဆိုကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအား အောင်စိတ်မွေး၍ အောင်မြင်အောင်ကြိုးစားကြရမည်ဖြစ်ပါကြောင်းနှင့် ရာနှုန်းပြည့်အောင်မြင်ကြပါစေကြောင်း” အားပေးမှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။