ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကို မှတ်တမ်းဝင်တင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကို မှတ်တမ်းဝင် တင်သွင်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးနွယ်စုများ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ ဒေသအသီးသီး တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းရာထောင်မကသော ကာလများစွာကပင် များပြားကြွယ်ဝစွာတည်ရှိခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှုများ လွှမ်းမိုးကူးစက်မှုကို မိမိတို့ရဲ့အသိစိတ်ဖြင့် ကာကွယ်ရမှာဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းရင်းသား ပြည်သူပြည်သားများက ယခင်ကထက် ပိုမိုအလေးထားထိန်းသိမ်း စောင့်ရှောက်ရန်၊ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရန်နှင့် အတူယှဉ်တွဲလုပ်ကိုင်စေရန်၊ ပြင်ပအဖွဲ့အစည်းများ အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးလက်တွဲဆောင်ရွက်ပေးကြရန်မှာ နိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်ပင်ဖြစ်ပါကြောင်း၊ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်း အဆောက်အအုံတွေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းတွေကို ရေရှည်တည်တံ့အောင် နည်းပညာများဖြင့် ထိန်းသိမ်း စောင့်ရှောက်နိုင်သော်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုမူ မိမိတို့ကိုယ်တိုင် အလေးထား ရမည့်အပြင် လူငယ်တွေကိုပါလက်ဆင့်ကမ်း တန်ဖိုးထားတတ်စေမှသာလျှင် ရေရှည်တည်တံ့မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်”ကို ပါရာဂွေး နိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းခံခဲ့ရပြီး ဖြစ်ပါ ကြောင်း၊ ယခုအခါမှာ ယူနက်စကို၏ (၂၀)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ “Practice of Thanakha Culture in Myanmar” အား ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြု သတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည်သနပ်ခါးကို နှစ်ခြိုက်စွာ အသုံးပြုကြသည့် အတွက် နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းသည့် အနေဖြင့် နိုင်ငံတော်အစိုးရကလည်း တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာ့ဓလေ့နှင့်သနပ်ခါးအပေါ်ချစ်မြတ်နိုးမှု၊ အသုံးပြုမှုစသည်တို့ကိုဟောပြောခြင်း၊ လက်တွေ့ သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်း၊ သရုပ်ပြခြင်း၊ သနပ်ခါးဆိုင်ရာဓာတ်ပုံများ ပြသခြင်းများပါဝင်သော လှုပ်ရှားဆောင်ရွက်မှုများကို ကျင်းပပြုလုပ်လျှက်ရှိပါကြောင်း၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့သည် မြန်မာတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အလေ့အထဖြစ်တဲ့အတွက် ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရောက်နိုင်စေရေးအတွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ကြရန် လိုပါကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ဆိုင်ရာ ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက မြန်မာ့သနပ်ခါးအကြောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မြန်မာ့သနပ်ခါး၏ ဆေးဘက်ဝင်ပုံ အကြောင်းများကိုရှင်းလင်းတင်ပြသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လှုပ်ရှားမှုမှတ်တမ်းများနှင့် လက်တွေ့သနပ်ခါးလိမ်းခြယ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။