ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပုသိမ် မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakurအား ယနေ့နေ့လည်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က” ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေပြီး မိုးစပါးနွေစပါး စိုက်ဧက (၅၂)သိန်းကျော်၊ ပဲအမျိုးမျိုး စိုက်ဧက(၁၆)သိန်းကျော်စိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပြင် ကမ်းခြေခရီးသွားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဘာသာသာသနာထွန်းကားရာ၊ ဘုရားစေတီပုထိုများ၊ သာသနိကအဆောက်အဦးများစွာရှိပါကြောင်း၊ ယခုအချိန်အခါတွင် ဘုရားပွဲတော်များနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ နှစ်စဉ်ကျင်းပလျက်ရှိပြီး အထူးသဖြင့် ဆံတော်ရှင်မြတ်မော်တင်စေတီမြတ်ကြီး၏ ဘုရားပွဲတော်အား ၁၅ရက် တိုင်အောင် ကျင်းပပြုလျက်ရှိပါကြောင်း၊ ဆံတော်ရှင်မြတ်မော်တင်စေတီမြတ်ကြီးအား ရင်ပြင်တော်တိုးချဲ့ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ထားရှိပြီးဘုရားဖူးခရီးသွားဧည့်သည်များ များပြားစွာလာရောက် ဖူးမြော်လျက်ရှိသည်ကို ဝမ်းမြောက်စွာတွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ရေးအတွက် မကြာသေးမီကပြုလုပ်ခဲ့သည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင်တောင်သူများနှင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ မိဘမျိုးရင်းဖြစ်သည့် ပေါ်ဆန်းဆန် အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း ပေါ်ဆန်းဖိုရမ်ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပိုင်းများပြုပြင်ခြင်း၊ လေယာဉ်ကွင်းတိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ကုန်တင်ကုန်ချ ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ပို့ကုန်များတင်ပို့နိုင်ရေး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးကိုလာရောက်သည့်ခရီးစဉ်အတွင်း အေးချမ်းပျော်ရွှင်ပါစေကြောင်းနှင့်  အတွေ့အကြုံများအားအကြုံပြုပေးစေလိုကြောင်း” ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Abhay Thakur က ”အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် နှစ်ကာလကြာရှည်ခဲ့ပြီဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ ဆင်တူလျက်ရှိပါကြောင်း၊ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားကုန်သွယ်မှုတိုးမြှင့်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့်လဲ မြန်မာနိုင်ငံရှိ ဆန်စပါး၊ ဆီထွက်သီးနှံများတွင် ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားပါကြောင်း၊ မြန်မာနိုင်ငံမှ ၂၀၂၄ ခုနှစ်တွင် ပဲအမျိုးမျိုး  တင်သွင်းမှုအနေဖြင့် မူလသဘောတူညီမှုထက် ပိုမိုတင်သွင်းနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် နို့ထွက်ကုန်ပစ္စည်းများများနှင့် ပတ်သက်၍ လေ့လာဆွေးနွေးမှုများလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက် Open Import Policy နဲ့ပတ်သက်ပြီး အထူးစီစဉ်လျက်ရှိပြီး အိန္ဒိယအစိုးရအနေဖြင့် သန်းပေါင်းများစွာသော မြန်မာ့လယ်သမားများအတွက် ဈေးကွက်ကောင်းတစ်ခုပင်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ အရည်အသွေးကောင်းမွန်သည့် သီးနှံများထုတ်လုပ်နိုင်ပါက ဈေးကွက်လည်းရရှိလာမှာဖြစ်ပါကြောင်း၊ ယခုလိုလှိုက်လဲပြုငှာစွာကြိုဆိုခြင်းကြောင့် ကျေးဇူးတင်ပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရပစ္စည်းများပေးအပ်ခဲ့ကြပြီး မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။

08-Mar-2025