ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်အမှာစကားပြော

ပုသိမ် မတ်လ ၈

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မတ်လ(၈)ရက်နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နေထိုင်ကြသော အမျိုးသမီးများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၇၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ”For ALL women and girls: Rights. Equality. Empowerment. တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့” ဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့်အရည်အသွေးများကို မြှင့်တင်အသိအမှတ်ပြုပေးခြင်း၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းများသည် တစ်နည်းအားဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(NSPAW) Phase II  (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ထိရောက်အောင်မြင်နိုင်ရန်အတွက် ဦးဆောင်ကော်မတီ(၁)ရပ်နှင့် လုပ်ငန်းကော်မတီ(၁၂)ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၉၇ ခုနှစ်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(Convention on the Elimination of All forms of Discrimination Against Women-CEDAW)ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်လျော်ညီစွာ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အားလုံး၌ အမျိုးသားများတန်းတူ အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီကနေ့ အခမ်းအနားကျင်းပရခြင်းအားဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာလုပ်ငန်းများ၏အရေးကြီးမှုကိုပိုမိုထင်ဟပ်ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကာကွယ်နိုင်ခြင်းနှင့် စောင့်ရှောက်နိုင်ခြင်း၊ ကုလသမဂ္ဂမှချမှတ်ပေးထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းစဉ်များကိုနိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို ပြည်သူလူထုမှသိရှိနားလည်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေမှာဖြစ်လို့ အမျိုးသမီးများ၏စွမ်းရည် မြင့်မားလာစေရေး ကျား-မတန်းတူအခွင့်အရေးများရရှိလာနိုင်စေရေးများကို ဌာနဆိုင်ရာများအပါအဝင် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးများ အရေးဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရန်” အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ vedio clip နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သော အသိပညာပေး vedio clip များအားပြသခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ ထွက်ရှိသော အမျိုးသမီးများ၏ လက်မှုထုတ်ကုန်ပစ္စည်းများ၊ ပုသိမ်မြို့နှင့်ဖျာပုံမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ လက်မှုပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။

08-Mar-2025