ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး၊ အခြေခံပညာကျောင်များသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး

ပုသိမ် မတ် ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဇလွန်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် Bored Pile အခြေပြုကျောက်စီတမံအလျား ၂၂၀ ပေ ဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဇလွန်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအား အပြန်အလှန်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်၍ သင်ကြားပို့ချပေးခဲ့ပါ ကြောင်း၊ စာသင်နှစ်အစကတည်းကပင် တစိုက်မတ်မတ် ကျက်မှန်လေ့ကျင့်ခဲ့ပါက မုချအောင်မြင်မှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ယခင်နှစ်များထက် ပိုမိုအားထည့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လေးများအနေဖြင့် အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးလေ့လာနိုင်ရန်အတွက် အခြေခံ ပညာကို ဖြတ်ကျော်ရမှာဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်နှင့် အောင်စိတ်မွေး၍ မိမိယုံကြည်ချက်ပန်းတိုင်ရောက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း" အားပေးစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇလွန်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9)နှစ်ဆုံးစာမေးပွဲ သမိုင်းဘာသာရပ်အား ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ အခြေခံပညာမူလတန်း ကျောင်း(တစ်တောင့်ကွေး) စိန်ရတနာခန်းမတွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ်ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်း သားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအားဆောင်ရွက်ခဲ့ပြီး စဉ်ဆက်ပညာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်သားများအနေဖြင့် စဉ်ဆက်မပြတ် သင်ယူလေ့လာနေကြရန်လည်း လိုအပ်ပါကြောင်း" တိုက်တွန်းမှာကြားခဲ့ပြီး စာသင်သားများ၏ သင်ကြားမှုများအပေါ် နားလည်သဘောပေါက်မှုများအား ဆွေးနွေးပြောကြားခဲ့ကာ စာသင်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။