ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားတက်ရောက်

ပုသိမ်       မတ်        ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးသည် ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာဘုရားကြီးအားရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်  မြတ်စွာဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် ဂေါပက အဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်း ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ရွှေသားမျက်နှာကြက်တော်ကြီး ရေစက်ချအခမ်းအနားအခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  ဖွင့်လှစ်ခဲ့ပြီး မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက  ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဩဝါဒါစရိယ၊ သဖန်းကုန်းဆရာတော် ဘဒ္ဒန္တဉာဏိကအရှင်သူမြတ်ထံမှ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ (၇)ရက်နေ့မှ မတ်လ (၁၄)ရက်နေ့အထိ (တပေါင်းလဆန်း ၉ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ) ၈ ရက်ကြာ ကျင်းပပြုလုပ်သွားဖြစ်ပါသည်။

07-Mar-2025