ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ပုသိမ်မြို့ သရောင်းချောင်းမျိုးသန့်ခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာတွင် (Super sun-41)နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများ ကြည့်ရှုအားပေး

ပုသိမ် မတ်လ ၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သရောင်းချောင်းမျိုးသန့်ခြံသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မျိုးသန့်ခြံအတွင်း သုတေသနပြု စိုက်ပျိုးထားသော ပေါ်ဆန်းစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် သရောင်းချောင်းမျိုးသန့်ခြံ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး သရောင်းချောင်းမျိုးသန့်ခြံမှ တာဝန်ခံက သရောင်းချောင်းမျိုးသန့်ခြံ၏ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများ၊ မျိုးသန့်ခြံတည်နေရာ၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ပွားများ ထုတ်လုပ် ဖြန့်ဖြူးမှု၊ စိုက်ပျိုးရေးနည်းပညာများဖော်ထုတ်ပြီး တောင်သူများသို့ သရုပ်ပြအသိပညာပေးမှုများ၊ မြေယာပိုင်ဆိုင်မှု၊ စိုက်ပျိုးမြေအမျိုးအစား၊ မြေအသုံးချနိုင်မှုအခြေအနေ၊ ဝန်ထမ်းအင်အား၊ ရာသီဥတုအခြေအနေ၊ ၂၀၂၄-၂၀၂၅ မိုးစပါးလျာထားချက်နှင့် အမှန်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးဖြန့်ဖြူးနိုင်မှုအခြေအနေ၊ ၂၀၂၅-၂၀၂၆ မိုးစပါးလျာထားချက်နှင့် အမှန်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ် သုတေသနဆောင်ရွက်ထားရှိမှု အခြေအနေ၊ စပါးမျိုးများစုဆောင်းထိန်းသိမ်းခြင်းများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က "မျိုးကောင်း၊ မျိုးသန့်များ စပါးမျိုးများ ထိန်းသိမ်းထားရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး ဒေသနှင့်ကိုက်ညီသော မျိုးရိုးဗီဇမှန်ကန်သည့် အရည်အသွေးကောင်းမျိုးကောင်း မျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးကို အထောက် အကူပြုစေမည့် စိုက်ပျိုးနည်းပညာများ ရှာဖွေထုတ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်" မှာကြားခဲ့ပြီး ဒုတိယဝန်ကြီးက "မျိုးသန့်ခြံအတွင်း စပါးမျိုးများ ထိန်းသိမ်း ထားရှိရာတွင် ခြံမျိုးစေ့ registration number များထားရှိရန်လိုအပ်ပါကြောင်း၊ အရည်အသွေး ကောင်းသည့် ပေါ်ဆန်းဆန်များ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် တိုးမြှင့်စိုက်ပျိုးသွားရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များနှင့်ပေါင်းစပ်၍ တိုင်းဒေသကြီးအတွင်း အရည်အသွေးကောင်းမွန် သည့် ပေါ်ဆန်းစပါးမျိုးများနှင့် မျိုးစေ့ဘဏ်မှ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်းပေါ်ဆန်း(၂) စပါးမျိုးများကို သုတေသနပြုစမ်းသပ်စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ အားထားရသည့် စျေးကွက်ရရှိမည့် ပေါ်ဆန်းစပါးမျိုးများအား မျိုးယှဉ်ပြိုင်စမ်းသပ်ခြင်း၊ တောင်သူကြီးများဦးဆောင်သော မျိုးရွေးချယ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အလားအလာကောင်းပြီး ဂေဟစနစ်နှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ပေါ်ဆန်းစပါးမျိုးများ အား တောင်သူများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများ အရည်အသွေးကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ရှုထောင့်မျိုးစုံမှ စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း" တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် သရောင်းချောင်းမျိုးသန့်ခြံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဆင်းပေါ်ဆန်း-၁ စိုက်ခင်း ၀.၅၀ ဧက စိုက်ပျိုး ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကာ မျိုး၊ မြေ၊ ရေ၊ နည်းပညာ အချိန်ကိုက်ထည့်သွင်းမှုများ မေးမြန်းရာ စိုက်ခင်းတာဝန်ခံက စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မျိုးသန့်ခြံဘေးရှိ ချောင်းမှရေကို တူးမြောင်းဖောက်၍ သွယ်ယူစိုက်ပျိုးထားရှိမှု၊ အရည်အသွေးပြည့်မီသော စပါး မျိုးများထွက်ရှိရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုးနှင့် တောင်သူဦးဝင်းထိုက်၏ စိုက်ဧက(၂၀)ဧကတွင် ( Super sun-41 )နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများ ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက နေကြာပင်များအားရေဖြန်းသည့်စနစ်ဖြင့် ရေပေးခြင်း၊ မြေဩဇာကျွေးခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း၊ ပိုးမွှားများမကျရောက်စေရေး ဂရုစိုက်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ အပွင့်ရရှိမှု၊ အောင်စေ့ပါဝင်မှုအခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်ကြရန်မှာကြားခဲ့သည်။