ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ အခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၅
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသအသီးသီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများက Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က” ဧရာဝတီ ပေါ်ဆန်း အရည်အသွေး ကောင်းမွန်ပြီးဈေးကွက်ရရှိစေရေး ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်း ဖိုရမ်-၂၀၂၅ကိုကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပေါ်ဆန်းစိုက် တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန၊ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်များနှင့် တန်ဖိုးကွင်းဆက်တစ်လျောက် ပါဝင်ပတ်သက်သူများ အားလုံးပါဝင်ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်းပေါ်ဆန်း စိုက်ဧက ၇သိန်းခွဲကျော် ရှိပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကိုလေ့လာရာမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြဗဟိုသုတေသနစိုက်ပျိုးရေးဥယျာဉ်ကို ၁၉၂၆ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒေသမျိုးများ စုဆောင်း၍ မျိုးရွေးချယ်စိုက်ပျိုးခဲ့ရာ ၁၉၄၄ခုနှစ်မှာ ရွေးချယ်ရရှိခဲ့သော (D-44-8)မျိုးကို ပေါ်ဆန်းမွှေးနှင့် ၁၉၆ဝခုနှစ်တွင် ရွေးချယ်ရရှိခဲ့သော(D-60-8)မျိုးကို ပေါ်ဆန်းဘေးကြား မျိုးအဖြစ် မှတ်တမ်းတင်ခဲ့သည့် သမိုင်းအထောက် အထားများ ရှိခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြသည် ပေါ်ဆန်း၏ မိဘဒေသဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကို တိုင်းဒေသကြီးအနှံ့စိုက်ပျိုးလျက်ရှိပြီး ဓာတုကင်းလွတ်သည့် ပေါ်ဆန်းကို ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ပေါ်ဆန်းစတင်မွေးဖွားရာ ဒေသလည်းဖြစ်တာမို့ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရလာစေရန် လိုအပ်ပါကြောင်း၊ ပညာရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များ၊ စပါးစိုက်တောင်သူများနှင့် (၂)ရက်တာ ဆွေးနွေးပြီး ရလာဒ်ကောင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း၊ ရေကြည်မြို့နယ် နွားရေတိုက် ကျေးရွာတွင် ပေါ်ဆန်းစပါးမျိုး(၇)မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖျာပုံဒေသထွက် ပေါ်ဆန်းရင်စပါးမျိုးသည် အထွက်နှုန်း အကောင်းဆုံးဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ဧရာဝတီ ပေါ်ဆန်း တစ်ခေတ်ဆန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားလိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးက" ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လှိုင်းအသွင်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ပေါ်ဆန်းဖိုရမ်၏ သမိုင်းကြောင်းကိုပြောရမည်ဆိုပါလျှင် ၁၉၄၄ ခုနှစ်တွင် မြောင်းမြသုတေသနခြံ ( စိုက်ပျိုးရေးဥယျာဉ်)တွင် စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊၁၉၄၄တွင် D-44-8 ပေါ် ဆန်းမွှေးမျိုး အဖြစ် လည်းကောင်း၊ ၁၉၆၀တွင် D-60-8 ပေါ်ဆန်းဘေးကြားမျိုး အဖြစ်လည်းကောင်း ပေါ်ထွန်း လာခြင်း ဖြစ်ပါကြောင်း၊ အမွေးနံ့ကိုဖြစ်ပေါ်စေသည့်ဗီဇသည့် ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ဆားငဏ်ဒဏ်ခံနိုင်ခြင်း စသည့် အရည်အသွေး နှင့်ဆက်စပ်လျက် ရှိပါကြောင်း၊ ထို့အပြင် အမွေးနံ့ ကိုဖြစ်ပေါ်စေသည့်ဗီဇသည် ငုပ်လျှိုးဗီဇဖြစ်ခြင်း ကြောင့် ယင်းဗီဇကို ထိန်းသိမ်း ရွေးချယ်နိုင်မည့် နည်းပညာ၊ သုတေသန၊ ပညာရှင်တို့အင်အားကိုအသုံးချကာ ပေါ်ဆန်းစပါးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်း စပါးတခေတ်ဆန်းစေရေးအတွက် ပုံမှန်မျိုးမွေးမြူကူးစပ်ခြင်း နည်းပညာအပြင် မောလီကျူလာ နည်းပညာကဏ္ဍသည်လည်း လွန်စွာအရေးပါလာပြီဖြစ်ပါကြောင်း၊ ထို့အတူ သုတေသီပညာရှင်များအတွက် သုတေသနပြုနိုင်မည့် အခြေအနေကို ဖန်တီးပေးရမည်ဖြစ် ပါကြောင်း၊ထို့အတူ ဦးနှောက်သာမက နှလုံးသားပါကြီးမားသည့် ပညာရှင်များလိုအပ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍ အောင်မြင်ရေးအတွက် မျိုးစေ့စနစ် အထူးအရေးကြီးသည်ကို အထူးသတိပေးလိုပါကြောင်း၊ ခိုင်မာ၍ ရည်ရှည်တည်တံ့သော မျိုးစေ့ စနစ် တည်ဆောက်နိုင်မှသာ အောင်မြင် သော ပေါ်ဆန်းကဏ္ဍကိုဦးတည်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တောင်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မျိုးစုဆောင်းရရှိစေရေးကို အထောက်အကူ ပေးစေရေးအတွက် မြို့နယ်အလိုက် တောင်သူများပါဝင်သည့် ပေါ်ဆန်းပြိုင်ပွဲများဆောင်ရွက်စေလိုပါကြောင်း၊ စုဆောင်းရရှိသည့်မျိုးများကို ယှဉ်ပြိုင်စိုက်ပျိုးကာ မျိုးရွေးချယ်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးအသွင်ကူးပြောင်းရေး ဆောင်ရွက် ရာတွင် ရပ်မိ၊ရပ်ဖများ ၊ လုပ်ငန်း ရှင်များ၊ တောင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးက တနိုင်ငံလုံး ကိုယ်စားပြုပြီး အမျိုးသားရေးလုပ်ငန်း အသွင်သဏ္ဍာန် ၊ အနှစ်သာရဖြင့် ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊တိုင်းဒေသကြီး အလိုက်တည်ရှိသည့် ပေါ်ဆန်းမျိုးများအားလုံးကိုလည်း မျိုးစေ့ဘဏ်အတွင်း ထိမ်းသိမ်းထားရန်လည်းလိုအပ်ပါကြောင်း၊ ထို့အတူ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည်လည်းအရေးကြီးပါကြောင်းပြောကြား သည်။
ထို့နောက် ပေါ်ဆန်းလယ်ယာကဏ္ဍ vedio clip ပြသခဲ့ပြီး တက်ရောက်လာသော တောင်သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ခင်းကျင်းပြသထားသော တိုင်းဒေသကြီးအတွင်းမှ ဒေးဒရဲဒေသထွက် မြင်းကကုန်းပေါ်ဆန်းနှင့် သောကြာပေါ်ဆန်း၊ ကျိုက်လတ်ဒေသထွက် ကြားပျံပေါ်ဆန်းနှင့် ပေါ်ဆန်းရင်၊ ဘိုကလေးဒေသထွက် ပိုက်စလပေါ်ဆန်းနှင့် သာဖျံပေါ်ဆန်း၊ ဖျာပုံဒေသထွက် ဘေးကြားတောင်ပျံပေါ်ဆန်းနှင့် လက်ပန်ပေါ်ဆန်း၊ မြန်အောင်ဒေသထွက် ချင်းခါးကုန်းပေါ်ဆန်း၊ ရေကြည်ဒေသထွက် နွားရေတိုက်ပေါ်ဆန်း၊ ပုသိမ်ဒေသထွက် ဥတိုပေါ်ဆန်း၊ ဓါတုကင်းလွတ်နွးရေတိုက် ရေကြည် ပေါ်ဆန်း၊ စိုက်ပျိုးရေးဦးဌာနမှ ပြသထားသော ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရေဆင်းအင်းမ-၁၊ ရွှေနံသာတောင်ပျံ၊ ရွှေနံသာပေါ်ဆန်းမျိုးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ပညာရှင်ဒေါက်တာပပဝင်းက မြန်မာ့ပေါ်ဆန်းစပါးမျိုးများ ထိန်းသိမ်း၍ အကျိုးရှိထိရောက်စွာ အသုံးပြုစိုက်ပျိုးနိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများအကြောင်း၊ သရောင်းချောင်းမျိုးသန့်ခြံမှ သုတေသနပညာရှင် ဒေါ်ကြည်ကြည်ဦးက ဧရာဝတီတိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးလျက်ရှိသော ဒေသပေါ်ဆန်းစပါးမျိုးများ၏ ရုပ်သွင်ပြင်လက္ခဏာများ လေ့လာခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ Biotech ဌာနခွဲမှပညာရှင်ဒေါက်တာဌေးဌေးအောင်က မြန်မာ့ပေါ်ဆန်းစပါးမျိုးများအား မော်လီကျူလာ Marker များ အသုံးပြု၍ မျိုးဗီဇများ လေ့လာခြင်း စာတမ်းများဖတ်ကြားခဲ့ရာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တက်ရောက်လာကြ သူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ဧရာဝတီ တိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းဆန်ဖြင့် နေ့လည်စာတည်ခင်းဧည့်ခံသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါ်ဖြူပြာလွင်က စပါးသီးနှံပုံစံများတွင် မြေဩဇာထည့်သွင်းမှု နည်းစနစ်အမျိုးမျိုး၏ ပေါ်ဆန်းစပါးအထွက်နှုန်းနှင့် အရည်အသွေးအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာခြင်း၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင် ဒေါက်တာအေးလဲ့လဲ့လှိုင်က ရေဆင်းပေါ်ဆန်း-၁နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးသစ်များ ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ပညာရှင်ဦးနေမျိုးဝင်းက ပေါ်ဆန်း၏ ပြည်တွင်း ပြည်ပစျေးကွက်အလားအလာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ Biotech ဌာနခွဲမှပညာရှင် ဒေါက်တာခင်မျိုးမြင့်က မွှေးရနံ့ဗီဇသစ်နှင့် မြန်မာ့ပေါ်ဆန်းစပါးအကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ လက်ထောက်ကထိက ပညာရှင် ဦးစိုးခိုင်က ပေါ်ဆန်းဆန်နှင့် မြန်မာ့ဆန် စျေးကွက် အခွင့်အလမ်းများ၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင် ဒေါက်တာချိုချိုအောင်က စပါးမျိုးများ၏ အမွှေးနံ့ဖြစ်ပေါ်မှုအပေါ် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ၏ လွှမ်းမိုးမှု၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင် ဒေါက်တာကျော်စွာဦးက မြန်မာပေါ်ဆန်း၏ မျက်မှောက်ခေတ်ကာလအခြေအနေများ၊ မျိုးစေ့ဘဏ်တာဝန်ခံပညာရှင်ဒေါ်ဥမ္မာအောင်က ပေါ်ဆန်းမွှေးစပါးဗီဇကွဲမျိုးများအကြောင်းနှင့် စုဆောင်းထိန်းသိမ်းခြင်း စာတမ်းများအား ဖတ်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ အခက်အခဲများ၊ မျိုး၊ သွင်းအားစု သုံးစွဲမှု အကြံပြုချက်များနှင့် သုတေသနဆောင်ရွက်မှုများ၊ ဆန်ကြိတ်ခွဲခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ပြည်တွင်းပြည်ပစျေးကွက်အလားအလာများကို အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ကိုယ်စားလှယ် များမှ ဆွေးနွေးချက်ရလဒ်များအား ပြန်လည်တင်ပြခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံေတာင်သူများ၊ Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့သည့်တိုင်းဒေသအသီးသီးနှင့် နေပြည်တော် ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့ နယ်များမှ ပညာရှင်များနှင့် တောင်သူ များစုစုပေါင်း အင်အား ရှစ်ရာကျော်တက်ရောက်ခဲ့ကာ ယခုလ (၅)ရက်နေ့နှင့် (၆)ရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။