တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ်ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေး၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (တတိယနေ့) အဖြစ်ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းရလဒ်များအပေါ် ဆွေးနွေးပွဲတက်ရောက်

ပုသိမ် မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ်ပြသထားသည့် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများအား ယမန်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သစ်သီးဝလံပန်းမန်ဥယျာဉ်၊ အိမ်ခြံဝန်းဟင်းခင်းပဒေသာ( Home Garden)၊ လုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ အစေ့ထုတ်ပြောင်းစိုက်ခင်း၊ ဆီထွက်သီးနှံများဖြစ်သည့် Super Sun-41 နေကြာစိုက်ခင်း၊ မြေပဲ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် နှမ်းစိုက်ခင်း၊ ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာပြခန်းများ၊ အုန်းအခြေခံထုတ်ကုန်ပြခန်း၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများ၊ ငါးထုတ်ကုန်ပြခန်းများ၊ မျိုးစေ့ထုတ်ကုန်ပြခန်းများ၊ အစာတောင့်ထုတ်ကုန်ပြခန်းများ၊ ပုသိမ်တက္ကသိုလ်နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းဆောင်ရွက်သည့် ဒေသထုတ်ကုန်များသုတေသနနှင့် စျေးကွက်သုတေသနကော်မတီ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများအစရှိသည့် ပြခန်းပေါင်း(၅၁)ခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက် သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (တတိယနေ့) အဖြစ်ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းရလဒ်များအပေါ် ဆွေးနွေးပွဲကို ယနေနံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား(ဒုတိယနေ့)တွင် ပို့ကုန် နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ယနေ့တွင် ၎င်းစားပွဲဝိုင်းဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပြန်လည်ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်လာနေသည်ကို တွေ့ရှိပြီး ထိုသို့ တိုးတက်လာခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ နည်းပညာများပံ့ပိုးမှုကြောင့် များနှင့်တောင်သူများ၏ လိုက်ပါဆောင်ရွက် ခြင်းကြောင့်လည်းဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ကျယ်ပြန်သည့်အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း များပြားမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့် ရလဒ်များကိုအောင်မြင်အောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက်တာဝန်ယူခွဲဝေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင်သည့် ပြည်ပပို့ကုန်များ ပိုမို ထုတ်လုပ်နိုင်ရေးအတွက် ပြုလုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ အဓိကထွက်ရှိသည့် ဆန်စပါး၊ ပီလော ပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည့် လက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန် များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်းနှင့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပီလောပီနံ၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ ပြည်ပပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ပညာရှင်များကိုလည်း ကျေးဇူးတင်ပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက“ ဧရာတိုင်းဒေသကြီး၌ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ မိမိအနေဖြင့်ရောက်ရှိခဲ့သည်မှာ ယနေ့ဆိုလျှင်(၃)နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တစ်နှစ်ထက် တစ်နှစ် ထုတ်ကုန်အမျိုးအစားများပိုမိုများပြား လာကြောင်းကိုတွေ့ရှိရပါကြောင်း၊ဧရာဝတီတိုင်း ဒေသကြီးသည် တောင်သူလယ်သမားနေ့ ကျင်းပရန်အတွက် နေရာကောင်း၊ စံပြဒေသကောင်း တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ တောင်သူများအားထိရောက်စွာ ပညာပေးပါဆိုသည့် လမ်းညွှန်ချက်များအတိုင်း တိုင်းဒေသကြီးအတွင်း တောင်သူပညာပေး လုပ်ငန်းများအားတောင်သူလယ်သမားများနှင့် နည်းပညာနှီးနေနှာဖလှယ်ပွဲများ တက်ကြွစွာအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအားအလေးထားဆောင်ရွက်လျက်ရှိသော ဤတိုင်းဒေသကြီး အတွက်ဈေးကွက် အခြေခံ စီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ခိုင်မာသောဈေးကွက် ရှာဖွေရေး လုပ်ငန်းများကိုလည်း အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးလျော့သုံးရန်နှင့် အရည် အသွေးပြည့် မှီအောင်စိုက်ပျိုး ကြစေလိုပါကြောင်း၊ မတ်ပဲ၊ပဲတီစိမ်းစိုက်လျှင် ဖြည့်စွက်ရေ ပေးသွင်းသည့် သုတေသနအား တောင်သူများနှင့် တွဲဖက်ဆောင်ရွက် စေလိုပါကြောင်း၊ ဖြည့်စွက်ရေပေးသွင်းရာတွင် ဆည်ရေသာမက၊ မြေအောက်ရေ၊ မိုးရာသီတွင် စုဆောင်းထားသည့် ရေများကိုလည်း အသုံးပြုပါကြောင်း၊ ထို့အတူဂေဟစနစ်ကောင်း မွန်အောင် လည်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ဂေဟစနစ်ကောင်းမွန်ရေးအတွက် နေကြာ သီးနှံကိုလည်း ထည့်သွင်း စိုက်ပျိုးသွားရန်လိုအပ်ပါကြောင်း၊ အထူးပြောကြားလိုသည်မှာ တောင်သူအသင်းအဖွဲ့ များဖွဲ့စည်းပြီးတောင်သူကြီးများအနေဖြင့် သီးနှံစုပေါင်း ရောင်းချခြင်း အလေ့အထအား ကျင့်သုံးရန်တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတကာ ဈေးကွက် အတွေ့အကြုံရှိသူများအနေဖြင့်လည်း မည်သည့်ပစ္စည်းများက နိုင်ငံတကာသို့ တင်ပို့နိုင်ကြောင်း သတင်းအချက် အလက်များကိုလည်းဖြန့်ဝေ ပေးကာ အားလုံးပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် စားပွဲဝိုင်း(၁)မှဆွေးနွေးခဲ့သည့် ပဲပုတ်/ပဲကြီး ဧကတစ်သိန်းရောနှောစိုက်ပျိုးခြင်ကဏ္ဍကိုလည်းကောင်း၊ စားပွဲဝိုင်း(၂)မှဆွေးနွေးခဲ့သည့် စပါးကဏ္ဍများကိုလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးနောက် ကဏ္ဍများအလိုက် သိရှိလိုသည်များကို တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပညာရှင်များက သိရှိလိုသည်များကို ဖြည့်စွက်ရှင်းလင်း ပြန်လည် ဖြေကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဉီးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဒေါက်တာသန္တာညီက ရေရှည်တည်တံ့သောမြေဆီလွှာပြုပြင်ထိန်းသိမ်းရေး စာတမ်းအားဖတ်ကြားရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာသန္တာညီက ဖြည့်စွက်ရှင်းလင်း ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် စားပွဲဝိုင်း(၃)မှဆွေးနွေးခဲ့သည်။