ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ်ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတက်ရောက်

ပုသိမ် မတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ်ကျင်းပသည့် ပို့ကုန် နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က" (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့) အဖြစ် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကို ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ထူးချွန်ဆုရရှိသည့်တောင်သူများနှင့် Real Live Show ကိုလည်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ယနေ့ပြုလုပ်သည့် စားပွဲဝိုင်းဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တန်းဝင်သည့် ပြည်ပပို့ကုန်များ ပိုမို ထုတ်လုပ်နိုင်ရေးအတွက် ပြုလုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ဆက်စပ်နေသည့်တောင်သူများအနေဖြင့် လည်းပို့ကုန်နှစ်ဆ တိုးမြှင့်ရေးအတွက် ပါဝင်ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်ပပို့ကုန်များ တိုးမြှင့်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိတင်ပို့နေသည့် ထုတ်ကုန်များ ပိုမိုထွက်ရှိအောင် ပိုမိုတင်ပို့နိုင်အောင် နည်းလမ်းများရှာဖွေဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပီလောပီနံ၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပီလော ပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည့် လက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန် များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဈေးရောင်းပွဲတော်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန် ပစ္စည်းများ ပြည်ပပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်စေရေး အတွက် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကား ပြောကြားသည်။
ထို့နောက် ပို့ကုန်နှစ်ဆတိုးမြှင့်ရေးဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့က အကြိုရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ နှစ်ဆတိုးမြှင့်တင်ပို့ နိုင်ရေး ဆောင်ရွက် နိုင်မည့်အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းက စပါး၊ ပဲ၊ ရေထွက်ပစ္စည်းများ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် လိုအပ်ချက် များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနဌာနခွဲမှ သီးနှံပညာရှင် ဒေါက်တာ ဝင်းသန်းက မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်များ၊ တရုတ်နိုင်ငံနှင့် လက်မှတ်ထိုးပြီးသောထုတ်ကုန်များကိုလည်းကောင်း၊ ပြည်ပသို့တင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်များအား မှတ်ပုံတင် လုပ်ငန်းများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ဒေါက်တာဝဏ္ဏထွန်းက ပို့ကုန် နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် နည်းပညာများဖော်ထုတ်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက်လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒေါက်တာခင်ငြိမ်းချမ်းက အစေ့ထုတ်ပြောင်းသီးနှံနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ ကိုလည်းကောင်း စကားဝိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးကြရမည့် အချက်အလက် များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကိုပြုလုပ်ရာ စားပွဲဝိုင်းအလိုက် ပဲပုတ်/ပဲကြီး ဧကတစ်သိန်းရောနှောစိုက်ပျိုးမည့်အစီအမံများ၊ စပါးကဏ္ဍ၊ အစေ့ထုတ်ပြောင်းကဏ္ဍ၊ ပီလောပီနံကဏ္ဍ၊ ရော်ဘာကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ငါးမွေးမြူရေးကဏ္ဍ၊ MSMEsကဏ္ဍများကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းအလိုက် ကဏ္ဍတစ်ခုချင်းစီအား ဆွေးနွေးနေမှုများ၊ အခမ်းအနားတွင်ပြသထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရှစ်ခရိုင်၏ လယ်ယာကဏ္ဍဆိုင်ရာ သီးနှံစိုက်ပျိုးနိုင်မှုအခြေအနေများနှင့် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ခုနှစ်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးနိုင်မှု အခြေပြမြေပုံများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏သုတေသနအရာရှိ (တာဝန်ခံ)ဒေါ်ဖြူပြာလွင်က တိုင်းဒေသကြီးအတွင်း စပါး၊ နှမ်း၊ နေကြာသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအောင်မြင်အောင် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ စားပွဲဝိုင်းအလိုက် ပဲပုတ်/ပဲကြီး ဧကတစ်သိန်းရောနှောစိုက်ပျိုးမည့်အစီအမံများ၊ စပါးကဏ္ဍ၊ အစေ့ထုတ်ပြောင်းကဏ္ဍ၊ ပီလောပီနံကဏ္ဍ/ ရော်ဘာကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ငါးမွေးမြူရေးကဏ္ဍနှင့် MSMEsကဏ္ဍများတွင် ဆွေးနွေးရရှိခဲ့သည့် ရလာဒ်များကို တာဝန်ရှိသူများက ဆက်လက်ရှင်းလင်းတင်ပြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် (ဒုတိယနေ့အဖြစ် ပြန်ခန်းများကို ဆက်လက်ပြသထားရှိရာ ယနေ့တွင် Telecom International Myanmar ကုမ္ပဏီမှ CEOနှင့် တာဝန်ရှိသူများသည် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများ၊ Super Sun-41 နေကြာစိုက်ခင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်နှင့် အိမ်ခြံဝန်းဟင်းခင်းပဒေသာ(Home Garden)၊ သစ်သီးဝလံပန်းမန်ဥယျာဉ်အား စိတ်၀င်တစား လှည့်လည်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။