နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊  ကန်ကြီးထောင့်မြို့တွင်ကျင်းပသည့် (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနားတက်ရောက်

ပုသိမ်      မတ်        ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တောင်သူလယ်သမားနေ့အခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားေရးရာဝန်ကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဖြစ် စိုက်ပျိုးပြသထားသည့် အိမ်ခြံဝန်းဟင်းခင်းပဒေသာ( Home Garden)၊ သစ်သီးဝလံပန်းမန်ဥယျာဉ်အား လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ လာရောက်လေ့လာသည့် ရုရှားသံရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် RUMA ORGANIC ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံပြီး ရုရှားရွက်ဖြန်းမြေသြဇာနှင့် ရုရှားနေကြာမျိုးများအပေါ်  ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။ ထို့နောက်  သဘာဝအပင်အာဟာရဆေးရည်များ၊ သဘာဝပိုးသတ်ဆေးများ၊ ပင်ကြား(၉)လက်မ၊ တန်းကြား(၂.၅)ပေ စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။  

ဆက်လက်၍ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်သူ လယ်သမားနေ့အခမ်းအနားကိုနှစ်စဥ်ကျင်းပခဲ့ပြီး တစ်ကြိမ် ထက်တစ်ကြိမ် ထူးခြားပြီးအနှစ်သာရပြည့်ဝသည့် တောင်သူလယ်သမားနေ့အခမ်းအနားများကို ကျင်းပနိုင်ခဲ့သည်ဟု ပြောရမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းမှုများကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ ယခင်နှစ် တောင်သူလယ်သမားနေ့အခမ်းအနားတွင် တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ရလဒ်များ၊ လုပ်ငန်းစဉ် များဖော်ထုတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တောင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် စပါးအထွက်နှုန်းများသည်လည်း တိုးတက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုနှစ် တောင်သူလယ်သမားနေ့အခမ်းအနားတွင်  စပါးသာမက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက်လည်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး လယ်ယာထွက်ကုန်များမှရရှိသည့် ဝင်ငွေတိုးတက်မြင့်မားလာစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံအထွက်နှုန်းများတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန်  မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ထို့အပြင် ဆီဖူလုံစေရေးအတွက်လည်း နေကြာအပါအဝင် မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဖွဲနုကိုအသုံးပြု၍ ဖွဲနုဆီထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးသာမက နယ်ပယ်စုံ အသီးသီး၌ ဖွံ့ဖြိုးတက်နေသည့် တိုင်းဒေသကြီးဖြစ်လာစေရန် တောင်သူလယ်သမားနေ့ ဆွေးနွေးပွဲတွင် စုပေါင်းဆွေးနွေးမှုဖြင့် အကြေအလည်ဆွေးနွေးကာ ရည်မှန်းချက်များအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနားသည် ရုပ်ဝတ္ထုသဏ္ဍာန်အားဖြင့် ပြည့်စုံသည်ဟုပြောရမည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာ ရှိနေပါကြောင်းနှင့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူဦးကြီးများကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း” တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် မြောင်း‌မြပညာရေးကောလိပ်မှ ကျောင်းသူလေးများ၏ ကျေးလက်ရိုးရာအက၊ တူယှဉ်နွှဲပျော် ဂီတပွဲတော် Winnerဆုရှင် မဇင်သူသူထွန်းတို့၏ တောင်သူလယ်သမားနေ့ ဂုဏ်ပြုတေးသီချင်း၊ မြောင်းမြခရိုင် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာအက၊ တူယှဉ်နွှဲပျော် ဂီတပွဲတော် Winnerဆုရှင် မောင်စိုးထက်အောင်တို့၏ တေးသီများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ မိုးစပါး-‌နွေစပါး၊ မိုးစပါး-မတ်ပဲနှစ်သီးစိုက်ထူးချွန်တောင်သူဆု၊  နွေစပါး၊ မြေပဲ၊ အုန်းချိုမွှေးနှင့် ပီလောပီနံစိုက်ပျိုးရေးထူးချွန်တောင်သူဆု၊ ဝန်ဆောင်မှုရငွေ အများဆုံးပေးသွင်းသည့် လုပ်ငန်းရှင်ဆု၊ ဂဏန်းပျော့မွေးမြူရေးထူးချွန်ဆု၊ စိုက်ပျိုးရေးဝန်ထမ်းထူးချွန်ဆုရရှိသူများကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း၊ ဓာတုကင်းလွတ် ပေါ်ဆန်းဘေးကြားစိုက်ပျိုးရေး ထူးချွန်တောင်သူဆု၊ နွေးစပါး၊ နေကြာ၊ မတ်ပဲ၊ ဘိလပ်နာနတ်စိုက်ပျိုးရေး ထူးချွန်တောင်သူဆု၊ ရေချိုငါး၊ အသားတိုးဝက် မွေးမြူရေးထူးချွန်ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ မိုးစပါး၊ နွေစပါး၊ နေကြာ၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ သီဟို၌စိုက်ပျိုးရေး ထူးချွန်တောင်သူဆု၊ ရေငန်ပုစွန်မွေးမြူရေး ထူးချွန်ဆုရရှိသူများကို တရားသူကြီးချုပ်ကလည်းကောင်း၊ မိုးစပါး၊ မြေပဲ၊ ရော်ဘာ၊ အုန်း စိုက်ပျိုးရေး ထူးချွန်တောင်သူဆု၊  ဥစားဘဲမွေးမြူထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ မတ်ပဲစိုက်ပျိုးရေး ထူးချွန်တောင်သူဆု၊ နို့စားနွား မွေးမြူရေး ထူးချွန်ဆုရရှိသူများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ မိုးစပါး၊ နေကြာ၊ မတ်ပဲ၊  ပဲတီစိမ်း၊ ကော်ဖီ၊ ဒူးရင်း၊ ငရုတ်ကောင်း၊ အစေ့ထုတ်ပြောင်း၊ ကွမ်းသီး၊ ပဲကြီး၊ ရော်ဘာ စိုက်ပျိုးရေးတွင် ထူးချွန်ဆုရရှိသူများနှင့် အသားစားကြက်၊ ဥစားကြက်၊ ဒေသနွား မွေးမြူရေး ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးကလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည်  ရုပ်ရှင်သရုပ်ဆောင်ဝါးခယ်မရဲမောင်၊ နိုင်ငံကျော်တေးသံရှင်သန်းထွန်းလေးတို့၏ တေးသီများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ထူးချွန်ဆုရတောင်သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

02-Mar-2025