နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းကမအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်သို့သွားရောက်၍ အအေးခန်းစနစ်တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ငါးအစာတောင့်ထုတ်လုပ်သည့်ကုန်ကြမ်းပစ္စည်းများခင်းကြင်းပြသထားမှုကြည့်ရှုစစ်ဆေးခဲ့ပြီး ကုမ္ပဏီဥက္ကဌ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တည်ဆောက် ရေးလုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းလုပ်ငနမ်းများစနစ်တကျဆောင်ရွက်စေရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းလုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူချောင်း အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းသားကျောင်းသူများ ညအိပ်စခန်းသွင်းသင်ကြားနေမှုနှင့် ကျွေးမွေးရေး၊ နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများအားဆွေးနွေးမေးမြန်းခဲ့ကာ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊မိဘ၊ကျောင်းသားများသာမက အုပ်ချုပ်ရေးအဖွဲ့များ၊စေတနာရှင်များကလည်းဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများကလည်းအောင်စိတ်ထား၍ အောင်မြင်အောင်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမ များကလည်း ကျောင်းသားကျောင်းသူများအား ဘာသာရပ်များအားလုံးဖြေဆိုနိုင်ရေး ကြိုးပမ်းသင်ကြားပေးရန်လိုပါကြောင်းနှင့် အောင်ချက်မြင့်မားရေးအတွက်ဝိုင်းဝန်းကြိုးပမ်းကြရန်အားပေးစကားများပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အထက မလက်တို အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ ကျောင်းသားကျောင်းသူများ ညအိပ်စခန်းသွင်းသင်ကြားနေမှုနှင့် ကျွေးမွေးရေး၊ နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများအားဆွေးနွေးမေးမြန်းခဲ့ပြီး အောင်ချက်မြင့်မားရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားအပြင် အုပ်ချုပ်ရေးအဖွဲ့များမှလည်း ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်ရှိရန်လိုအပ်ပြီး မိမိရပ်ရွာ၊ မိမိဒေသ၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အကျိုးပြုသူများဖြစ်ကြရန်ကြိုးစားရမည်ဖြစ်ပါကြောင်း၊စိတ်ဓာတ်နှင့်ခံယူချက် မှန်ကန်စေရန်အတွက် စာဖတ်ရန်လိုအပ်ပြီး စာကြည့်တိုက်များသို့ သွားရောက်လေ့လာဖတ်ရှုကြရန်၊ ဆရာဆရာမများကလည်း တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်များဖြင့် အောင်ချက်မြင့်မားရေးအတွက် ကဏ္ဍအလိုက်ပေါင်းစပ်ဆောင်ရွက်ကြရန်၊ ဆရာဆရာမများ အနေဖြင့်လည်း မိမိတို့၏ တပည့် ကျောင်းသား လူငယ်များအား တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်များ ရှင်သန်ခိုင်မာအောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်းနှင့် ယခင်နှစ်များထက် အောင်ချက်ရာခိုင်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိကိုယ်ကိုအောင်မြင်ရမည်ဟု ယုံကြည်စိတ်မွေးရန်လိုလည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့်အောင်စိတ်မွေး၍ မိမိယုံကြည်ချက်ပန်းတိုင်ရောက်အောင် ဖြေဆိုကြရန်” အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က” တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် အခြေခံပညာမှဆရာဆရာမ များတွေ့ဆုံ၍ ဘာသာရပ်ဆိုင်ဆွေးနွေးပွဲများ၊ တက္ကသိုလ်မှ ဆရာ၊ဆရာမများမှ အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ဆွေးနွေးပွဲများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊မိဘ၊ကျောင်းသားနှင့် အုပ်ချုပ်ရေးအဖွဲ့များကပါ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ကျောင်းသားကျောင်းသူများကလည်းကျန်းမာရေးအထူးဂရုပြုရန်နှင့် ရာနှုန်းပြည့်အောင်မြင်မှုရရှိစေရေးကြိုးစားကြရန် ”အားေပးပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရွှေနင်္ဂါးမင်းကုမ္ပဏီ၊ အောင်မြင်သူစိုက်ပျိုးမွေးမြူရေးလုပ်ငန်းစုရှိ ငါးမွေးမြူရေးကန်များ၊ အုန်းချိုမွှေး စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီ ဥက္ကဌက ငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ သီးနှံစိုက်ပျိုးမြေများတွင် အုန်းချိုမွှေး၊ သရက်စသည့် သီးနှံများစိုက်ပျိုးထားမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး အုန်းချိုမွှေး၊ သရက်စသည့် သီးနှံများစိုက်ပျိုးထားမှုများ၊ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အော့ချတ်(ဒ်) ကုမ္ပဏီလီမိတက် ရေနက်ကွင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီဥက္ကဌက ရေနက်ကွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး ဝါးပင်များစိုက်ပျိုးထားခြင်းများ လက်တွေ့ပြသခြင်းနှင့် ဝါးထုတ်ကုန်များပြသခြင်း၊ သဘာဝအစာ၊ မိုးရေတို့ဖြင့် မွေးမြူထားသော မွေးမြူရေးငါးများကို ရှင်းလင်းပြသခဲ့မှုအ ပေါ် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်စေရေး၊ ထုတ်ကုန်နှစ်ဆတိုးမြှင့်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ မအူပင်မြို့နယ် အထက-ရေလဲကလေးအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ကျောင်းသားကျောင်းသူများ ညအိပ်စခန်းသွင်းသင်ကြားနေမှုနှင့် ကျွေးမွေးရေး၊ နေထိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အောင်ချက်ရာခိုင်နှုန်းကိုထိန်းထားနိုင်သည်ကို တွေ့ရပြီး ဆက်လက်မြင့်မားရေးအတွက်ကြိုးစားကြရန်၊ အားနည်းချက်ရှိသည့်ဘာသာရပ်များကို ဆရာဆရာမများက နားလည်မှုရှိအောင်ကြိုးစားသင်ပြပေးရန်လိုအပ်ကြောင်း၊ ဂုဏ်ထူးရကျောင်းသားကျောင်းသူအများစုမှာ မြို့ပြကျောင်းများမှဖြစ်ပြီး ကျေးလက်ကျောင်းများကလည်း ကြိုးစားရန်လိုအပ်ကြောင်း၊ အားနည်းချက်ကိုပြုပြင်၍ ပညာရဲရင့် ပွဲလယ်တင့် ဆိုသည့်စကားအတိုင်း လူအများကြားတွင် ပြောရဲဆိုရဲရှိအောင် သင်ကြားပြသပေးရန်နှင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်သွားကြရန်”အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က”ကျောင်းသားကျောင်းသူများအနေဖြင့် ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ကြိုးစားကြရန်၊ အောင်စိတ်မွေးပြီး အောင်ချက်မြင့်မားရေးအတွက် ဆရာ၊မိဘ၊ကျောင်းသား၊ အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ရာနှုန်းပြည့်အောင်မြင်ကြစေကြောင်း ”အားပေးပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် မအူပင်မြို့နယ် တော်တလုတ်ကျေးရွာအုပ်စု သုံးခွဆိုင်ကျေးရွာရှိ တောင်သူဦးမင်းမင်းစိုး၏ ဆောင်းနေကြာသီးနှံ စိုက်ဧက ၅ဧကနှင့် တောင်သူဒေါ်ခင်လေးမွန်၏ ဆောင်းနေကြာသီးနှံစိုက်ဧက၁.၅ဧကတွင် စိုက်ပျိုးထားသော SURYAKIRAN (အိန္ဒိယမျိုး)ဆောင်းနေကြာသီးနှံများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ ယခုနှစ်မှစ၍ ဆီထွက်သီးနှံနေကြာစမ်းသပ်စိုက်ပျိုးမှု၊ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် အပင်ကြီးထွားနှုန်း၊ အပွင့်အရွယ်အစား၊ အောင်စေ့ပါဝင်မှုအခြေအနေများစနစ်တကျမှတ်တမ်းထားရှိရန်၊ ရိတ်သိမ်းချိန်ကျရောက်ပါကလေလွင့်မှုမရှိစေရေးဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းမှု၊ ရောင်းဝယ်မှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ကာ သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းသက်သာစွာရောင်းဝယ်နိုင်ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။