နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဟိုင်းကြီးကျွန်းမြို့အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံအားပေး၊ ဟိုင်းကြီးကျွန်းမြို့အဝင်ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေး၊ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က“ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုများကိုလိုက်နာရန်လိုအပ်ပါကြောင်း၊ စာသင်နှစ်အစကတည်းကပင် တစိုက်မတ်မတ် ကျက်မှန်လေ့ကျင့်ခဲ့ပါက မုချအောင်မြင်မှာဖြစ်ပါကြောင်း၊ မိမိကိုယ်ကိုအောင်မြင်ရမည်ဟု ယုံကြည်စိတ်မွေးရန်လိုလည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အောင်မြင်သော လူသားတစ်ဦးဖြစ်ရန်အတွက် မိမိဗီဇနှင့် ပတ်ဝန်းကျင်သည်လည်း အရေးကြီးပါကြောင်း၊တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်ရှိရန်လိုအပ်ပြီး မိမိရပ်ရွာ၊ မိမိဒေသ၊ မိမိနိုင်ငံအတွက်၊ မိမိလူမျိုးအတွက် အကျိုးပြုသူများဖြစ်ကြရန်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုခြင်းသည် လူသားတိုင်း၏ အကောင်းဆုံးမိတ်ဆွေလည်းဖြစ်ပါကြောင်း၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများဖြင့် အဆိုးနှင့်အကောင်းကို ခွဲခြားနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် ပညာသင်ယူသည့်အချိန်တွင် ပညာကိုသာတစိုက်မတ်မတ်သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့၏ တပည့် ကျောင်းသား လူငယ်များအား တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်များ ရှင်သန်ခိုင်မာအောင် ပြုစုပျိုးထောင်ရေးမည်ဖြစ်ပါကြောင်း၊ ပညာမဲ့ပါက အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ဆင်ခြင်တုံတရားမရှိဘဲ တိုင်းပြည် ဂုဏ်သိက္ခာ နိုင်ငံ့ဂုဏ်သိက္ခာကိုထိခိုက်နိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝိရိယထားကြိုးစားအားထုတ်ပါက အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက် ခိုင်မာစွာထားရှိရမည်ဖြစ်ပါကြောင်း” အားပေးစကားများ ပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟိုင်းကြီးကျွန်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စဉ်ဆက်ပညာရေးလုပ်ငန်းအဖြစ် ကျေးလက်နေတိုင်းရင်းသားပြည်သူများအား စာပေသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအားဆောင်ရွက်ခဲ့ပြီး စဥ်ဆက်ပညာရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်သားများအနေဖြင့် စဥ်ဆက်မပြတ် သင်ယူလေ့လာနေကြရန်လည်း လိုအပ်ပါကြောင်းနှင့် စာကြည့်တိုက်များသို့သွားရောက်၍ သုတရသ စာအုပ်စာစောင်များအား လေ့လာဖတ်ရှုကြရန် တိုက်တွန်းမှာကြားခဲ့ပြီး စာသင်သားများ၏ သင်ကြားမှုများအပေါ် နားလည်သဘောပေါက်မှုများအားဆွေးနွေးပြောကြားခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။