နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအားတက်ရောက်ဖွင့်လှစ်

ပုသိမ်            ဖေဖော်ဝါရီ           ၂၇

မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုလ (၂၇)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့အထိ(တပေါင်းလဆန်း ( ၁) ရက်နေ့မှ လပြည့်နေ့အထိ)  ၁၅ ရက်ကြာ ကျင်းပသွားမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့်   မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ရေစက်ချမင်္ဂလာင်္လာအခမ်းအနားကို ယနေ့နံနက်ပိုင်းက  စေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦးတွင် ကျင်းပခဲ့ရာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားတွင်  မင်္ဂလာဘိသေကပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနီးကပ်ကြီးကြပ် ဩဝါဒါစရိယ၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မြတ်မော်တင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဇာတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မင်္ဂလာမုခ်ဦးအား စက်ခလုတ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ  တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။  ဆက်လက်၍ ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များလိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ျာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်အရှင်သူမြတ်များက မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။

ဆက်လက်၍  မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ရေစက်ချမဟာမင်္ဂလာအခမ်းအနား ဒုတိယပိုင်းကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ပြုလုပ်ခဲ့ရာ  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသော  သံဃာတော်အရှင်သူမြတ်များထံမှ  ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူအသီးသီးနှင့်အလှူရှင်များကဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုက အလှူငွေများပေးအပ်လှူဒါန်းရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာဩဘာစာတမ်းအားဖတ်ကြားခဲ့သည်။  ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊  အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူအသီးသီးက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်််မော်တင်စွန်းစေတီတော်ကုန်းမြေ ကျောက်စီလှိုင်းကာလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအားသွားရောက်ကြည့်ရှုစစ်ဆေးရာ တာ၀န်ရှိသူတစ်ဦးက ကျောက်စီလှိုင်းကာ အလျား ၂၀၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန်လိုအပ်သည့်နေရာများတွင်လည်းတစ်ဆက်စပ်တည်းဆက်လက်ဆောင်ရွက်ရန်၊ ရေရှည်တည်တံ့ရေးအတွက်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ စေတီတော်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သာယာလှပစေရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

27-Feb-2025