ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်ကျင်းပပြုလုပ်နိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါ်ဆန်းစပါးစိုက်တောင်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က "တောင်သူလယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ပြီး ပေါ်ဆန်းဖိုရမ်ကိုလည်း ထည့်သွင်းကျင်းပ သွားဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပြခန်းများတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ပေါ်ဆန်းမျိုးစပါး၊ ပေါ်ဆန်းဆန်များ ထည့်သွင်းပြသ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးစိုက်တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနအပါအဝင် တန်ဖိုးကွင်းဆက်တစ်လျှောက်ပါဝင်သက်ဆိုင်သူများအားလုံး ပါဝင်ပြီး ပေါ်ဆန်းဆန်အရည်အသွေး ကောင်းမွန်၍ စျေးကွက်ရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပေါ်ဆန်းဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး အစည်းအဝေးသို့တက်ရောက် လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ပေါ်ဆန်းဖိုရမ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပေါ်ဆန်းဖိုရမ်ကျင်းပပြုလုပ်မည့်အစီအစဉ်များကိုလည်းကောင်း ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(ARCCI)ဥက္ကဋ္ဌ၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ) သုတေသနအရာရှိ (တာဝန်ခံ)၊ ပုသိမ်တက္ကသိုလ် စီးပွားရေးပညာဌာနပါမောက္ခနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ မျိုးစေ့ထုတ်တောင်သူတစ်ဦးနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ တာဝန်ခံတို့က ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။