ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတက်ရောက်

ပုသိမ်       ဖေဖော်ဝါရီ        ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အားကစားခန်းမတွင် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိကြီးက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သဘာပတိမိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ချင်းတိုင်းရင်းသားများအများစု မှီတင်းနေထိုင်ကြသည့် မြို့နယ်များတွင် ချင်းအမျိုးသားနေ့နှင့် ကောက်သစ်စားပွဲများကို အလှည့်ကျပြုလုပ်ပေးခဲ့ရာ ယခုအကြိမ်ချင်းအမျိုးသားနေ့ကို အင်္ဂပူမြို့နယ်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ မှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ် များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကျင်းပပေးလျှက်ရှိပါကြောင်း၊ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွလက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ စံပြတိုင်း ဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ကျင်းပရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ ချင်းတိုင်းရင်းသူတစ်ဦးက အခမ်းအနားတွင် ဆင်ယင်ပြသထားသည့် ပစ္စည်းများ အကြောင်းကိုလည်းကောင်း ရှင်းလင်တင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရှိရပါသည်။

20-Feb-2025