ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)ပြုလုပ်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တောင်သူလယ်သမားနေ့အခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုမိုအနှစ်သာရရှိစွာဖြင့် ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧက(၁၀) တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကျန်သီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်ပေါ်ဆန်းအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သဖြင့် တောင်သူ လယ်သမားနေ့အခမ်းအနားတွင် ပေါ်ဆန်းဖိုရမ်ထည့်သွင်းကျင်းပနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့် အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ စားသုံးဆီဖူလုံရေးနှင့် ပတ်သက်၍ ဆီထွက်သီးနှံဇုန်(၂)ဇုန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တောင်သူများနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူခဲ့ကြသည့်မွေးမြူရေးလုပ်ငန်းရှင်များအား တောင်သူလယ်သမားနေ့တွင်ချီးမြှင့်ဂုဏ်ပြုသွားမှာဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားသည် တောင်သူဦးကြီးများကိုဂုဏ်ပြုသည့် အခမ်းအနားဖြစ်သောကြောင့် တောင်သူများနှင့်သက်ဆိုင်သည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ဂုဏ်ပြုနိုင်ရေး၊ တောင်သူများနှင့် လက်ရည် တပြင်တည်း စားသုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ တောင်သူလယ်သမားနေ့နှင့်ပတ်သက်၍ တောင်သူများအတွက် အသိပညာပေးပြခန်းများ၊ သုတေသန လုပ်ငန်းများ၊ ပြကွင်းပြကွက်များ၊ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများကိုပါထည့်သွင်းပြသရန်လိုပါကြောင်း၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကျင်းပရာတွင် အားနည်းချက်များနှင့်လစ်ဟာမှုများမရှိစေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးသို့တက်ရောက်လာသူများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြသမည့်ပြခန်းများနှင့် ပေါ်ဆန်းဖိုရမ်ကျင်းပမည့် ရည်ရွယ်ချက်များအားလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အခမ်းအနားပြင်ဆင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ တောင်သူလယ်သမားနေ့အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ပြခန်းများဆောက်လုပ်မည့် (Site Plan)အားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်မည့် ကဏ္ဍတစ်ခုချင်းစီအား ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။