ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်​ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

ပုသိမ်    ဖေဖော်ဝါရီ       ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်များသည်  ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ သဘာဝဘေးအန္တရာယ်ဆိုသည့် စကားရပ်တွင် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုများဖြစ်ပွားခြင်းလည်းပါဝင်သောကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများပေးခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် ယာယီပြောင်းရွှေ့နေထိုင်ကြသူများအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၁.၇၂)သန်းကို သက်ဆိုင်ရာမြို့နယ်များ၏ ငွေစာရင်းများသို့ လွှဲပြောင်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် စီစဉ်ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ပြည်သူများ လက်ဝယ်အရောက် တာဝန်ရှိသူအဆင့်ဆင့်က စေတနာထားပြီး ကြီးကြပ်ဆောင်ရွက် ပေးကြရန်လိုပါ ကြောင်း”အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်တို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်သူများကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူခဲ့ပြီးနောက် ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ထုတ်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းဇယားတိကျမှန်ကန်မှုရှိစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

17-Feb-2025