ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား အလေးပြုခြင်းနှင့် တန်းအပ်ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်သည် အမျိုးသားပညာရည်မြင့်မားရေးကို အထောက်အကူပြုမည့် ကျန်းမာကြံ့ခိုင်သော၊ စည်းကမ်းရှိသော၊ အရည်အသွေးမြင့်မားသော အားကစားသမား လက်ရွေးစင်များ ပေါ်ထွက်လာစေရန်၊ အားကစားကိုအခြေခံ၍ အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံသစ်များရရှိသောအသိဉာဏ်ပွင့်လင်းမှုပိုမိုရရှိလာရန်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ချစ်ခင်စည်းလုံးမှု ပြည်ထောင်စုစိတ်ဓါတ်ရရှိစေရန်၊ သင်တန်းအလေ့အကျင့်မှသည် လုပ်ငန်းခွင်အရည်အချင်းဆီသို့ ” ရည်ရွယ်ချက်နှင့်အညီ လုပ်ငန်းခွင်တွင်ပြန်လည် အသုံးချဦးဆောင်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကစားသမားများအနေဖြင့် မိမိအသင်း ဂုဏ်ဆောင်နိုင်မှုမှတဆင့် မိမိကျောင်း ၊ မိမိမြို့၊ မိမိတိုင်းကိုဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းတွေ ဖြစ်မြောက်အောင်ကြိုးစားဆောင်ရွက်ကြသွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး (၇၈) နှစ်မြောက်“ ပြည်ထောင်စုနေ့” ကို ဂုဏ်ပြုသောအားဖြင့် ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းတွင်းအားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက အားကစားပွဲပြုလုပ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ခေါင်းဆောင်ဆရာ၊ ဆရာမများနှင့် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်း များကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စတုတ္တနှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူများ၊ ဒုတိယနှစ်(ပထမနှစ်ဝက်)နှင့် တတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား (၇)ဦး၊ တတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူများ၊ ပထမနှစ်(ပထမနှစ်ဝက်)ကျောင်းသား/ သူများ၊ ဒုတိယနှစ်(ပထမနှစ်ဝက်)နှင့် တတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား(၇)ဦးတို့၏ သရုပ်ပြဖျော်ဖြေပြသမှုများနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲအဖြစ် ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့၏ ယှဉ်ပြိုင်မှု၊ အမျိုးသားလွန်ဆွဲ ပြိုင်ပွဲအဖြစ် အလောင်းဘုရားအသင်းနှင့် ကျန်စစ်သားအသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲကို ၅.၂.၂၀၂၅ ရက်နေ့မှ ၁၂.၂.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော KGကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလတွင် (၂) ကြိမ်နှင့် ဖေဖော်ဝါရီလတွင် (၁) ကြိမ်၊ စုစုပေါင်း (၃) ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဇန်နဝါရီလ(၂၁)ရက်နေ့မှစတင်၍ ကျေးမွေးလျက်ရှိရာ ပုသိမ်မြို့နယ်တွင် ယနေ့အထိ အခြေခံပညာမူလတန်း ကျောင်းပေါင်း (၁၅၀)တွင် ကျွေးမွေးပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပုသိမ်မြို့ ခါတော်မှီပရိယတ္တိစာသင်တိုက်၊ ဝံသာနုရက္ခိတဓမ္မာရုံတွင် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းအတည်ပြုနိုင်ရေးအတွက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာရင်းကောက်အဖွဲ့များအနေဖြင့် အိမ်ထောင်စု အမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းအတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုများအပေါ် စာရင်းကောက်ယူမည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ အနေဖြင့်မရှင်းလင်းသည်များရှိပါက ပြန်လည်ဆွေးနွေးမေးမြန်းကြရန်နှင့် အိမ်ထောင်စု အမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးအတည်ပြု ခြင်းလုပ်ငန်းသည် ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်ပေါ်လာမည်ဖြစ်သဖြင့် အချက်အလက်များမှားယွင်းမှု မရှိစေရေးနှင့် ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပုသိမ်မြို့၊ အုန်းတောလမ်းတွင် မြေပြင်ကွင်းဆင်း၍ နေထိုင်မှုရှိမရှိစိစစ်ခြင်းနှင့် စာရင်း၌မပါဝင်သူများအား ထပ်တိုးစာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပုသိမ်မြို့နယ် ငါးအောက်ချောင်း တူးဖော်ခြင်းလုပ်ငန်း အပိုင်း(၁+၂)လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်)သို့ သွားရောက်၍ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက လက်ဆွဲကောက်စိုက်စက် စမ်းသပ်တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည့်နည်းပညာပညာအကူအညီများကို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကုန်ကျစရိတ်သက်သာပြီး လုပ်ဆောင်ရလွယ်ကူသည့် လက်ဆွဲကောက်စိုက်များ တီထွင်ထုတ်လုပ်နိုင်ရေးမှာကြားခဲ့ပြီး အောင်မြင်စွာစမ်းသပ်ထုတ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
.jpg)
.jpg)
.jpg)