တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ် ဆိုင်ရာ သိကောင်းစရာများ (ဒုတိယအကြိမ်)ဟောပြောပွဲတက်ရောက်အားပေး၊ (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်း

ပုသိမ်      ဇန်နဝါရီ         ၂၅

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ (ဒုတိယအကြိမ်) ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် အခြေခံပညာအထင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ(ဒုတိယအကြိမ်) ဟောပြောဆွေးနွေးကြခြင်း ဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ အပြန်အလှန်ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးဟောပြောပွဲ ပြုလုပ်ခြင်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်  တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်တွေ့ဆုံ၍ ဆွေးနွေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေပါကြောင်း၊  တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး  ဆရာ၊ ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း " အမှာစကားပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီး ညာရေးမှူးတို့က လက်ခံရယူခဲ့သည်။

ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲဆောင်ရွက်သည့်အခြေအနေများ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင် တက္ကသိုလ်များမှ ဆရာကြီးဆရာမကြီးများက သက်ဆိုင်ရာဒေသများသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများအား ကွင်းဆင်းဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး အဆင့်မြင့်သုတေသနစင်တာတွင် သုတေသနဆိုင်ရာ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများတပ်ဆင်နေမှုများနှင့် ပုသိမ်တက္ကသိုလ်မှပါမောက္ခများက အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာများအား တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးဟောပြောနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ (ဒုတိယအကြိမ်) ဟောပြောပွဲကို ပုသိမ်တက္ကသိုလ်မှ ဆရာ/ ဆရာမ (၉)ဦးမှ ဘာသာရပ်(၉)ခုအား Grade-12 သင် အထက်တန်းပြ ဆရာ/ ဆရာမ စုစုပေါင်း ငါးထောင်ကျော်အား သက်ဆိုင်ရာဘာသာရပ်များအလိုက် ဟောပြောဆွေးနွေးသွားမှာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်သို့ ကြွရောက်တော်မူလာကြသည့် ကျောင်းတိုက်အသီးသီးမှ စာဖြေ၊ စာပြန်သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း ဧရာဝတီတိုင်းဒေသကြီးအသင်း(ခွဲ)မှ သံဃာတော်များနှင့် ပြည်သူများအား ကွင်းဆင်းဆေးကုသ ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ (၃၈)ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနယဓမ္မ စာဖြေ၊ စာပြန်ပွဲတော်အား ယခုလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ သံဃာတော်(၂၇၆)ပါးတို့မှ  ရေးဖြေနှင့် အာဂုံပြန်မည်ဖြစ်ပြီး စာဖြေ၊ စာပြန်ပွဲတော် ပြုလုပ်နေစဉ်အတွင်း စာဖြေ၊ စာပြန် သံဃာတော်များမှ ပုသိမ်မြို့တွင်းရှိရပ်ကွက်များတွင် ဆွမ်းဆန်စိမ်းအလှုခံတော်မူခြင်း၊ အလှူရှင်များမှ ဆွမ်းများဆပ်ကပ်ခြင်းနှင့် အရှင်သုနန္ဒ( ဓမ္မရံသီဆရာတော်)၊ မနာပဒါယီ အရှင်ဝိစိတ္တ(ကိုရီးယားဆရာတော်)၊ ဘဒ္ဒန္တပညာဝရ၊ မဟော်သဓာ ကိုယ်ပိုင်ကျောင်းဆရာတော်)၊  ဒေါက်တာ ဘဒ္ဒန္တကောဝိဒ(မဇ္ဇျိမဂုဏ်ရည်ဆရာတော်)၊ ဒေါက်တာ အရှင်ဣန္ဒာစရိယ(သီတဂူဆရာတော်)တို့မှ ညစဉ်တရားအလှူပေးလှူလျက်ရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲသို့ တိုင်းဒေသကြီးကိုယ်စားပြုထုတ်ကုန်များ ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ခရိုင်များအလိုက် လာရောက်ပြသထားသည့် One Region One Product များ၊ ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်းများ၊ ပီလောပီနံထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းမှ ထွက်ကုန်များ အစရှိသည့်တိုင်းဒေသကြီးအတွင်းမှ  ထွက်ကုန်များအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်ပြသမည့် ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်ရေး၊ ထုတ်ပိုးပြင်ဆင်မှု များကောင်းမွန်စေရေး၊ ယှဉ်ပြိုင်ပြသမည့်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များ ဖော်ပြရေးနှင့် FDA အသိအမှတ်အပြုလက်မှတ်များရရှိရေး၊ ထုတ်ကုန်ပစ္စည်းများကို ဆန်းသစ်တီထွင်မှုများဖြင့် ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲအတွက်  ထုတ်ကုန်ပစ္စည်းများကို စနစ်တကျရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  တာဝန်ရှိသူများအနေဖြင့်လည်း ပြိုင်ပွဲဝင်များအား အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ကြိုတင်ရှင်းလင်းပြောကြားရန်နှင့် လုပ်ငန်းရှင်များကလည်း လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင်ပါဝင်ပြသသည့် ထုတ်ကုန်ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များကို ရှင်းလင်းတင်ပြမည့် တာဝန်ခံများထားရှိရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၏ အချက်အလက်များကို ဗီဒီယိုကလစ်များဖြင့် ပြသရှင်းလင်းနိုင်ရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်ပြသခဲ့သည့်ပြပွဲ၏ အတွေ့အကြုံများကိုနမူနာယူ၍ ပါဝင်ယှဉ်ပြိုင်ပြသနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ ပါဝင်ပြနိုင်ရေး ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများ အနေဖြင့်လည်း လိုအပ်သည်များကိုအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။ထို့နောက် စီးပွားရေးရာဝန်ကြီးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက  အမှတ်ပေး စည်းမျဉ်းသတ်မှတ်ချက်များ၊  MSME ပြပွဲနှင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးမှ ခရိုင်အလိုက် ပါဝင်ယှဉ်ပြိုင်ပြသမည့် ပစ္စည်းများစာရင်းကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်အလိုက်ပြသမည့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

25-Jan-2025