တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂‌၄-၂၀၂၅ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းများအား ကြည့်ရှုအားပေး၊ ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကွင်းဆင်း​ဆောင်ရွက်

ပုသိမ်    ဇန်နဝါရီ             ၂၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်အတွင်းရှိ ၂၀၂‌၄-၂၀၂၅ခုနှစ်၊ ဆောင်းနေကြာစံပြစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ တောင်သူဦးအောင်သူအပါအဝင်(၆၀)ဦး၏ စိုက်ဧက(၈၀)ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် မြို့မမြေနုမြောက်ကွင်း တောင်သူဦးထွန်းလင်းအပါအဝင် (၂၀)ဦး၏ စိုက်ဧက(၃၅)ဧက တွင်စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့ပြီး  ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ ပေါင်းမြက်နှိမ်နှင်း ခြင်းနှင့် မြေဩဇာ အချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိ စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ရောင်နီစက်ရုံသို့သွားရောက်၍ တိရစ္ဆာန်အစာခြောက်ထုတ်စက်ဖြင့် ပြောင်းအစာခြောက်၊ ဆန်ကွဲအစာခြောက် ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဈေးကွက်အတွင်း အရည်အသွေးပြည့်မီစွာ တင်ပို့ရောင်းချနိုင်ရေးမှာကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်ရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့်မြန် အောင်မြို့တာမိုင် ၅/၅ နှင့် ၅/၇ အကြားကမ်းပြိုကာကွယ်ရေးဖြစ်သည့် Bored Pile အ ​ ခြေပြုကျောက်စီတမံအလျား ၂၄၀ ပေ ဆောင်ရွက် နေမှုအခြေအနေအားလည်းကောင်း၊ မြန်အောင်မြို့၊အထွေထွေအုပ်ချုပ်ရေး ရုံးအနီးနှင့်လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကာကွယ် ရေးဖြစ်သည့် Bored Pile အ ခြေပြု Gabion box တမံ အလျား ၂၀၀ ပေနှင့် Bored Pile အ ခြေပြုကျောက်စီတမံအလျား ၂၀၀ ပေ ဆောင်ရွက်နေမှုအခြေအနေများအားလည်း ကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်း   နှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ တောင်သူဦးစိုးသန်းဦး၏ စိုက်ဧက(၂)ဧကတွင်စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ​အောင်မြင်ဖြစ်ထွန်း​အောင်စိုက်ပျိုးကြရန်မှာကြားခဲ့ကာ ​ဒေသခံများနှင့်ရင်းရင်းနှီးနှီး​တွေ့ဆုံ၍  လိုအပ်ချက်တင်ပြမှုများအ​ပေါ် ​ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်​ပေးခဲ့သည်။ ယင်းနောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်၍  ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်မှု အ​ခြေအ​နေများအား သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှု ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ ဆွေးနွေးပြောကြားခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်သည် မြန်အောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ စက်ရုံလည်ပတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှူးက   မြန်အောင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဆိုင်ရာအချက်အလက်များ၊ ၆ မဂ္ဂါဝပ် gas engine ၄ လုံး တပ်ဆင်ထားရှိပြီး  gas engine ၃ လုံး လည်ပတ်နေမှု၊ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ထားမှု၊ သဘာဝဓါတ်​ငွေ့ရရှိမှု၊  သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်အချက်အလက်များ၊ ဓာတ်အားပေးစက်များ တပ်ဆင်စမ်းသပ်မှုများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​​ဒေသကြီးဝန်ကြီးချုပ်က  စက်စွမ်းအားပြည့်လည်ပတ်နိုင်​ရေး ကြိုးပမ်း​ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စက်ထိန်းခန်းနှင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက် ၆ မဂ္ဂါဝပ် gas engine ၃ လုံး လည်ပတ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ညောင်းဝိုင်းကျေးရွာအုပ်စု ထောင့်ကုန်းကွင်းရှိ တောင်သူဦးသက်နိုင်ဝင်း၏ စိုက်ဧက ‌၃ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းနှင့် သုံးဆယ်ကျွန်းကွင်း တောင်သူဦးဝင်းသိန်း၏ စိုက်ဧက ‌၃ ဧကတွင် စိုက်ပျိုးထားသည့် Super Sun-41 နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ဆီဖူလုံမှုရှိ​စေ​ရေးအတွက် ​အောင်မြင်ဖြစ်ထွန်း​အောင်စိုက်ပျိုးကြရန်မှာကြားခဲ့ပါသည်။ မြန်အောင်မြို့နယ်၊ ညောင်းဝိုင်းကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ ​နေကြာ ၆၄ ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။

24-Jan-2025