ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

ပုသိမ်    ဇန်နဝါရီ     ၁၆

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာလုပ်ငန်းကိုအခြေခံသည့် စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းများကို ဖိတ်ခေါ်လျှက်ရှိပြီး ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်း များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊  လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအားအကောင်အထည်ဖော် ဆောင်ရွက်နိုင်သော်လည်း အချို့သော ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှုအားနည်းနေသည်ကိုလည်း တွေ့ရပါ ကြောင်း၊  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့် လုပ်ငန်းများ နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ဆန်စပါး၊ ပဲနှင့်ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထား လွှာတင်ပြခြင်းကိစ္စ၊ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြုပ်နှံမှုဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ပြန်လည်အပ်နှံခြင်းကိစ္စနှင့် ရာခိုင်နှုန်း ပြည့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဖြင့် ရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများအား   ရှင်းလင်းတင်ပြခဲ့ကြသည်။  ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

16-Jan-2025