ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲအခမ်းအနားတက်ရောက်

ပုသိမ်     ဇန်နဝါရီ       ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်း၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်  တာဝန်ရှိသူများသည် ဆုရွေးချယ်ရေး အဖွဲ့မှ အဖွဲ့လိုက်စံပြမိခင်ဆု(ကိုယ်ဝန်ဆောင်မိခင်များ)၊ မွေးစမှအသက်(၆)လအောက်ကလေးများ၊ အသက်(၆)လမှ (၁)နှစ်အောက်ကလေးများ၊ အသက်(၁)နှစ်မှ (၂)နှစ်အထိကလေးများအား ဆုရွေးချယ်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက စံပြမိခင်ဆု၊ မွေးစမှအသက်(၆)လအောက် ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ နှစ်သိမ့်ဆု ရရှိသူများနှင့် အမြွှာကလေးများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ လူမှုရေးရာဝန်ကြီး၏ဇနီးက အသက် (၆)လ မှ အသက်(၁)နှစ်အောက် ကလေး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင် ပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အသက်(၁)နှစ် မှ အသက်(၂)နှစ်အထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ မိခင်များနှင့် ကလေးငယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ပညာ့ရိပ်သာ အိမ်ရာဝန်းတွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုများ၊ ကျောင်းသားကျောင်းသူများစသည့် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer) ထိုးနှံပေးနေ မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်များမှ ပြည်သူများအား ကျန်းမာရေးစစ်ဆေး နေမှုများ၊ ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ထိုးနှံပြီးစီးစေရေးနှင့် စနစ်တကျထိုးနှံစေရေးမှာကြားခဲ့ကြောင်းသိရသည်။

03-Jan-2025