ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တည်ဆောက်ရေးတွင်ပါဝင်သွားသည့် မြေယာများအတွက် တောင်သူများသို့ နစ်နာကြေးနှင့်မြေယာလျော်ကြေးပေးအပ်နေမှုများအား ကြည့်ရှုအားပေး
ပုသိမ် ဇန်နဝါရီ ၁
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းပိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက Bored Pile အခြေပြု ကျောက်ပြားကပ်တမံ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဒွါရစုကျေးရွာသို့ သွားရောက်၍ တောင်သူ ဦးအောင်စိုး၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းတိုးတက်ထွက်ရှိရေး မြေပဲစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအားတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်စေရေးအတွက် ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း အစရှိသည့်သီးနှံများကိုလည်း သီးထပ်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ပြီး တောင်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာသို့ရောက်ရှိ၍ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်း တည်ဆောက်ရေးတွင်ပါဝင်သွားသည့် မြေယာများအတွက် တောင်သူများသို့ နစ်နာကြေးနှင့်မြေယာလျော်ကြေးပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူးက ရေကြည်မြို့နယ်နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀)၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ယခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် အပိုင်းများမှ တတိယသီးနှံ နွေစပါး လျာထားဧက (၅၀၀) အား လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေးဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်စေရေးအတွက် စိုက်ပျိုးရေလိုအပ်ချက်သည် အဓိကဖြစ်ပါကြောင်း၊ လက်ရှိမြစ်ရေတင်စီမံကိန်းများအပြင် တိုင်းဒေသကြီးအတွင်း မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နေရာများကိုလည်း ထပ်မံရှာဖွေ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လက်ရှိဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။