ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားတက်ရောက်
ပုသိမ် ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအထက်တန်းကျောင်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ကွင်းလျားကျေးရွာအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း မုခ်ဦးဆိုင်းဘုတ်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲကြပြီးနောက် ဖျော်ဖြေရေးအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက “ မြန်မာ့ကျောင်း”သီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းသို့ အဆင့်တိုးမြှင့်၍ ပညာရေးကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် သဘာဝဘေး ရေကြီးရေလျှံမှုများအား အံတု၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ခွင့် အခွင့်အလမ်းများမှာလည်း ပိုမိုရရှိအောင် အစဉ်တစိုက် ကြိုးပမ်းမှုများအား မြင်တွေ့ခဲ့ရသောကြောင့် ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေး၊ နိုင်ငံအဆင့်ထူးချွန်ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းစေရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မျိုးဆက်သစ်လူငယ်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးကြရန်နှင့် ပညာရေးကဏ္ဍပိုမိုတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ရခြင်းအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ကျောင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ယာယီကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်အဖွဲ့တို့က လက်ခံရယူခဲ့သည်။ ယင်းနောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် ကွင်းလျားကျေးရွာအခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းသီဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် အားကစားပွဲများကိုလည်းကောင်း၊ ကျောင်းစာကြည့်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စာပေများလေ့လာဖတ်ရှုနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့သည်။