နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် (၈၇)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားတက်ရောက်

ပုသိမ်  ဒီဇင်ဘာ ၃၀

(၈၇) နှစ်မြောက်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အား ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့က ဂုဏ်ပြုကပြဖျော်ဖြေခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက်တီး၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပြီး "ကရင်တိုင်းရင်းသားများအနေဖြင့် သမိုင်းအစဉ်အလာကောင်းများကို ထိန်းသိမ်းကာ ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ အမျိုးသားရေးစိတ်ဓာတ်များ မပျောက်ပျက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိဘ၊ ဘိုးဘွားများ၏ ဂုဏ်ကျေးဇူးကို ဆပ်ကြရမှာဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွစုပေါင်းနေထိုင်ခဲ့ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊  ကရင်တိုင်းရင်းသားများအနေဖြင့် နိုင်ငံအတွင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများနှင့် အတူတကွစည်းလုံးညီညွှတ်စွာပူးပေါင်းနေထိုင်ပြီး နိုင်ငံ့တာဝန်များ၊ အမျိုးသားရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ကရင်လူမျိုးများ၏ ဂုဏ်သိက္ခာမြင့်မားအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ဂုဏ်သိက္ခာရှိမှု၊  တန်ဖိုးထားမှုများ ရှိရန်လိုအပ်ပြီး ကောင်းမွန်သော စိတ်ထား၊ ကောင်းမွန်သောခံယူချက်များထားရှိ၍ ငြိမ်းချမ်းစွာအတူတကွနေထိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်ပျက်အောင် ထိမ်းသိမ်းကြရမှာဖြစ်ကြောင်း"  နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင် တိုင်းရင်းသား လူမျိုးများသည် ဒုတိယအများစုံးဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ပျံ့နှံ့နေထိုင်ကြပါကြောင်း၊ ယနေ့အခမ်းအနားကို မြစိမ်းရောင်တောင်တော်ကြီးတွင် ဘာသာ၊ သာသနာထွန်းကားမှု၊ နယ်မြေအေးချမ်းတည်ငြိမ်မှု၊ စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင်မြင်မှု၊ ဒေသခံတိုင်းရင်းသားများ၏ ဖော်ရွေပျူငှာမှုတို့အားအခြေခံ၍ မြောင်းမြမြို့၊ မြစိမ်းရောင် တောင်တော်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကိုယ်စား မြောင်းမြမြို့၊ ဇေယျမေဒနီ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာဘိရတနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ ကိုယ်စား ဘစ်ရှော့ မွန်စီညော် ဟင်နရီ မန်းအိုင်ခလိန်တို့က နှစ်သစ်နှုတ်ခွန်းဆက်စကားများ ပြောကြား၍ ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာအား ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဖတ်ကြားခဲ့ကာ တိုင်းဒေသကြီးကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကရင်နှစ်သစ်ကူးနေ့အကြောင်း သိကောင်းစရာများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးတို့က နိုင်ငံတော်အဆင့် ထူးချွန်ဆုရ ကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကရင်အမျိုးသားတေးသီချင်းအား စုပေါင်းဂုဏ်ပြုသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်တွင် ကျင်းပပြုလုပ်သည့် (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား ပြည်သူများအား စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အ.ထ.က ညောင်အိုင် ကျောင်းသို့ သွားရောက်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုနှင့် စာသင်ခန်းများအား လှည့်လည် ကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ပညာရေးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းကော်မတီဝင်များအားတွေ့ဆုံ၍ ပညာရေးကဏ္ဍ ဘက်စုံတိုးတက်ဖွံ့ဖြိုးစေရေး တွေ့ဆုံဆွေးနွေးပြီး၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲတွင် (၇၅.၈၆)%၊ ၂၀၂၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲတွင် (၁၀၀)%နှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၇၅)% ရရှိအောင် စွမ်းဆောင်နိုင်သော အ.ထ.က ညောင်အိုင်ကျောင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။

30-Dec-2024