နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနား တက်ရောက်၊ ပွဲညှက်စမ်းကျေးရွာမှ ကုန်းသာလမ်းဆုံသို့ ဆက်သွယ်သည့် ဂဝံမြေနီလမ်းတက်ရောက်ဖွင့်လှစ်
ပုသိမ် ဒီဇင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်တော်တွင် ကျင်းပပြုလုပ်သည့် (၈၇)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ကရင်အမျိုးသားအလံတော်အား သယ်ယူရေးအဖွဲ့မှ ဘင်ခရာတပ်ဖွဲ့၏ တီးခတ်မှု နှင့်အတူ ကရင်အမျိုးသားအလံတော်ကိုသယ်ယူခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည် (၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကာ မင်္ဂလာဖားစည်အား အမွှေးနံ့သာများ ပက်ဖျန်းခဲ့ပါသည်။ ထို့နောက် အလံတော်ကို တိုင်ထိပ်သို့လွှင့်တင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကရင်အမျိုးသား အလံတော် အား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကရင်အမျိုးသားသီချင်း အား သီဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကာ ကရင်ဒုံးယိမ်းအဖွဲ့များက ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မြောင်းမြမြို့နယ်၊ ပွဲညှက်စမ်းကျေးရွာမှ ကုန်းသာလမ်းဆုံသို့ ဆက်သွယ်သည့် ဂဝံမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမိုးမင်းနိုင်၊ မတည်အလှူရှင် ဦးမျိုးဝင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဂဝံလမ်းသစ်အားလှည့်လည်ကြည့်ရှုခဲ့သည်။