နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး
ပုသိမ် ဒီဇင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု မရမ်းကျေးရွာရှိ တောင်သူ ဦးအောင်ကျော်မိုး၏ ဆင်းရွှေကြာ ၂ ဆောင်းနေကြာစံပြစိုက်ခင်း (၁၀)ဧကတွင် ဆောင်းနေကြာသီးနှံ ရွက်ဖျန်းမြေဩဇာ ပက်ဖြန်းခြင်းအား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ နေကြာသီးနှံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာသီးနှံများဝတ်မှုံကူးခြင်းအတွက် ပျားမွေးမြူရေးသည် များစွာအကျိုးပြုသဖြင့် ပျားပုံးများထားရှိဆောင်ရွက်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ရေ၊ မြေဩဇာ အချိန်ကိုက် ထည့်သွင်း အသုံးပြုနိုင်ရေး၊ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စနစ်တကျစိုက်ပျိုးနိုင်ရေးနှင့် နေကြာသီးနှံ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ကရင်ဒုံးယိမ်းအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသခံတောင်သူများအား ဆေးဖျန်းပုံးများနှင့် ရွက်ဖျန်းမြေဩဇာများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဒေါဝါးကျေးရွာအုပ်စု၊ ဒေါဝါးကျေးရွာရှိ တောင်သူ ဦးကျော်ခိုင်ဝင်း၏ နွေစပါးစိုက်ဧက(၅)ဧကတွင် ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ဧကများရာနှုန်းပြည့် အချိန်မီစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားများပိုမိုတိုးတက်စေရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများအား အချိန်ကိုက် အချိုးကျ ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် နွေစပါးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး တောင်သူများအား ယူရီးယားမြေဩဇာများ ပေးအပ်ကာ ကရင်ဒုံးအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ဧက(၁၈၀) သို့ သွားရာက်၍ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူမှ နှစ်အလိုက် အုန်းချိုမွှေးစိုက်ခင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ၊ အုန်းချိုမွှေးဘောင်တန်းစိုက်ပျိုးမှုများ၊ အောင်မြင်ဖြစ်ထွန်းမှု၊ အသီးစတင်ရရှိမှု၊ စျေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများအား လိုက်လံရှင်းလင်း တင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းသီးတန်ဖိုးကွင်းဆက်မြင့်မားရေး၊ အုန်းအခြေခံ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး အုန်းချိုမွှေးစိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာရှိ တေဇဝန္တာရာမ ပတ္တမြားကျောင်းတိုက်သို့ ရောက်ရှိကာ ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတအား ဖူးမြှော်၍ သင်္ကန်းခြင်း၊ ဆန်နှင့် ဆီတို့အား ဆက်ကပ်လှူဒါန်းပြီး ပတ္တမြားကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတမှ ဘုရားဆင်းတုတော်တစ်ဆူအား ပြန်လည်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စုသို့ ရောက်ရှိပြီး (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် လေးအိမ်စုကျေးရွာ ဓမ္မစကူးလ်ကျောင်းသို့ ရောက်ရှိ၍ သီလရှင်ဆရာကြီး ဒေါ်ဟေမာစာရီအား ဆန်နှင့် ဆီများ လှူဒါန်းခဲ့ပြီး ဓမ္မ စကူးလ်တက်ရောက် သင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ဆုံခဲ့ကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ပြီး ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ "ကရင်လူမျိုးတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် စစ်မှန်သည့် ရိုးရာအမွေအနှစ်များကို မပျောက်မပျက်ထိမ်းသိမ်းကြကာ စည်းလုံးညီညွှတ်စွာဖြင့် နေထိုင်သွားကြရန်လိုကြောင်း" နှစ်သစ်အကြို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် ကရင်ရိုးရာ ဒုံးအကဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေး၍ ဆုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။