ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အ.ထ.က(၁) ပုသိမ် နှစ်(၁၀၀)ပြည့်အခမ်းအနားတက်ရောက်
ပုသိမ် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၁၀၀)ပြည့်အခမ်းအနား တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းအရ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နှစ်(၁၀၀)ပြည့်ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရားသူကြီးချုပ်တို့က အမွှေးနံ့သာများပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်းအား ရတနာတန်ဆောင်ခန်းမတွင် ဆက်လက်ကျင်းပရာ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း နှစ်(၁၀၀)ပြည့်ဂုဏ်ပြုတေးကို Grade-12 နှင့် Grade-11 ကျောင်းသားကျောင်းသူများမှ သီဆိုဖျောဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က" အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတော်ကြီးကို ၁၉၂၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့ရာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်ကြီးများ မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်ကာကွယ်ရေး၊ တည်ဆောက်ရေး၊ ကျန်းမာရေး စသောကဏ္ဍ အသီးသီးတွင်လည်း အရာထမ်း၊ အမှုထမ်းများ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူရည်ချွန်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းတော်ကြီး စတင်ဖွင့်လှစ်ချိန်တွင် (၂)ထပ်စာသင်ဆောင် (၃)ဆောင်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် စာသင်ဆောင်၊ စာကြည့်တိုက်၊ အားကစားရုံ၊ ဟောခန်းမများအပါအဝင် စုစုပေါင်း အဆောင် (၁၀)ဆောင်ဖြင့် ခန့်ငြားထည်ဝါလျက်ရှိပါကြောင်း၊ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန် လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိကြောင်းနှင့် အစဉ်အလာကောင်းများကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(၁) Grade-10ကျောင်းသူလေးများမှ "ပန်းဥယာဉ်ဝယ် ဆိုကြ၊ကကြမယ်" အကဖြင့် ဖျော်ဖြေခဲ့ကြပြီး အ.ထ.က-(၁) ကျောင်းအုပ်ဆရာမကြီးမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရားသူကြီးချုပ်တို့အား ကျောက်စီပန်းချီလက်ဆောင်ပစ္စည်း ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းအုပ်ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းသားဟောင်း တစ်ဦးက ရာပြည့်ဂုဏ်ပြုစကားပြောကြားကာ Grade-10ကျောင်းသားကျောင်းသူလေးများက အ.ထ.က(၁)ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နှစ်(၁၀၀)ပြည့်အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။